By Development Media Group (DMG)/ June 18
ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် ရခိုင်ပြည်တွင် AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးလာသည့် အမှုပေါင်း ၂၁ မှုရှိကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
ရုပ်သိမ်းလိုက်သည့်အမှုများတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအားစွဲဆိုမှု ၁၇ မှုရှိပြီး ကလေးသူငယ် ၃၀ ဦး လွတ်မြောက်ခဲ့သည်။
ယင်း ၁၇ မှုထဲတွင် ရုပ်သိမ်းသည့်အမှု ၁၄ မှုပါဝင်ပြီး တရားရင်ဆိုင်ရန် ရုံးချိန်းပျက်ကွက်သည့်အမှု ၃ မှုကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။
အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် အသက် ၁၈ နှစ်ထက် အမှု ၄ မှုကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်အမှုများကိုလည်း ရုပ်သိမ်းသွားရန်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။
“နောက်တချို့အမှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ရှိပါသေးတယ်။ အဲတာကျတော့ ကျနော်တို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာဖြစ်တယ်” ဟု ပြောသည်။
ရုပ်သိမ်းပေးရန်ကျန်ရှိနေသည့် အမှုပေါင်းအရေအတွက်နှင့်ပတ်သတ်ပြီး DMG ၏ မေးမြန်းချက်ကို သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ဖြေဆို၍မရဟုပြောသည်။
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ကို အကြမ်းဖက် အုပ်စုနှင့်မတရားအသင်းအဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သည်။ ယင်းနောက်တွင် ယခုကဲ့သို့ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူများ၏ အမှုများကို ပြန်လည်ရုပ်သိမ်းလာခြင်းဖြစ်သည်။
အလားတူ အကြမ်းဖက်ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ ကိုအောင်မြတ်ကျော်၊ ညီမနှင့် ယောက်ဖအပါအဝင် ဖမ်းဆီးခံထားရသူ ၁၀ ဦး အမှုကို ယခုလ ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အမှုရုပ်သိမ်းပေးခဲ့သည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ၈ လခန့်ကြာမြင့်နေပြီဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2040831929402541