ရခိုင်တွင် ရာသီဥတုအခြေအနေကြောင့်ရပ်နားထားသည့် ရေကြောင်းလိုင်းများပြန်ပြေးဆွဲ

By Western News/ 2021 June 23

ရခိုင်တွင် ရာသီဥတုအခြေအနေများကြောင့် ပြေးဆွဲခြင်းရပ်တန့်ထားသည့် ရေကြောင်းလိုင်းများစတင်၍ ပြေးဆွဲနေပြီဖြစ်ကြောင်း ရေကြောင်းလိုင်းမှတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

တောင်ကုတ်-ကျောက်ဖြူ-ရမ်းဗြဲ-မာန်အောင် စသည့်ရေကြောင်းလိုင်းများကို ဇွန်လ ၂၀ ရက်မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ရွှေပြည်တန်ရေယာဉ် မန်နေဂျာ ဦးရွှေမော်သိန်း Western News က ပြောသည်။

“ရာသီဥတုအခြေနေတွေကြောင့် တောင်ကုတ်-ကျောက်ဖြူ-ရမ်းဗြဲ-မာန်အောင်-ကျောက်နီမော်တို့ ဘက်တွေ ပြေးဆွဲတဲ့ ရေကြောင်းလိုင်းတွေကို ကျနော်တို့ရပ်တန့်ထားခဲ့တာပါ။ တနင်္ဂနွေနေ့က စပြီးတော့ ပြန်ပြေးဆွဲနေပါပြီ” ဟုပြောသည်။

အဆိုပါရေကြောင်းလိုင်းများမှာ စစ်တွေနှင့် တိုက်ရိုက်ပြေးဆွဲနေသော ရေကြောင်းလိုင်းများဖြစ်ပြီး ဇွန်လ ဒုတိယအပတ်လောက်တွင် ပြေးဆွဲမှုရပ်တန့်ထားခဲ့ခြင်းဖြစ်ကာ ရာသီဥတုအခြေနေကောင်းမွန်၍ ပြန်လည်ပြေးဆွဲ နေခြင်းဖြစ်သည်။

ရွှေပြည်တန်အမြန်ရေယာဉ်အပြင် စစ်တွေ-မြေပုံ-ကျောက်ဖြူသို့ ပြေးဆွဲနေသည့် ကစ္ဆပနဒီ(၃) ရေယာဉ်မှာလည်း ရာသီဥတုအခြေ အနေကြောင့် ပြေးဆွဲခြင်းရပ်တန့်ထားခဲ့ပြီး လက်ရှိတွင် ပြန်လည်ပြေးဆွဲမှုရှိမရှိကို ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးအောင်လင်းအား မေးမြန်းရန် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ရေကြောင်းခရီးသွားလာရေးအတွက် ကမ်းရိုးတန်းတစ်လျှောက်ပြေးဆွဲနေသည့် ရွှေပြည်တန်၊ ကစ္ဆပနဒီနှင့် ပေါက်တောတံခွန်စသော အမြန်ရေယာဉ်များရှိပြီး မြို့နယ်အလိုက်ပြေးဆွဲလျက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/315912840215227

Leave a Reply

Your email address will not be published.