ရခိုင်တွင် ယနေ့တစ်ရက်တည်း၌ လူ ၂၃ ဦးတွင် ကိုဗစ်ပိုးထပ်တွေ့၊ တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၄၉ ဦးအထိရှိလာ

By Narinjara/ 2021 June 29

ချစ်အိလှိုင်

ရခိုင်တွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့ တစ်ရက်တည်း၌ လူ ၂၃ ဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ် တတိယလှိုင်းဖြစ်ပွားကတည်းက ယနေ့အချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၁၄၉ ဦးထိ ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ မောင်တောတွင် ၃ ဦး၊ သံတွဲတွင် ၆ ဦး၊ တောင်ကုတ်တွင် ၁ ဦးနှင့် စစ်တွေတွင် ၁၃ ဦး၊ စုစုပေါင်း ၂၃ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

“ လူနာတွေရဲ့ အသက်တွေနဲ့ ကျား၊မ စတာတွေကို ဖြေလို့တော့ အဆင်မပြေသေးဘူး။ ကျွန်တော် အပြင်ရောက်နေလို့ပါ။ ဒီနေ့ ၂၃ ယောက်တွေ့ပါတယ်။ စစ်တွေမှာတော့ ၇၂ ယောက်ကိုစစ်တာ ၁၃ ယောက်တွေ့တာပါ။ ဒီနေ့ နေ့လယ်အထိကတော့ ၁၄၉ ယောက်ရှိသွားပြီပေါ့” ဟုပြောသည်။

စစ်တွေတွင် ကိုဗစ်ကူးစက်ခံရသူ ၈၀ ကျော်တွင် အများစုမှာ ဆေးရုံက ဆင်းသွားပြီ ဖြစ်သဖြင့် ယမန်နေ့ထိ ၆ ဦးသာကျန်ရှိကြောင်း၊ ယနေ့ ၁၃ ဦးနှင့်ဆိုလျှင် စစ်တွေဆေးရုံကြီးတွင် ၁၉ ဦးဖြစ်သွားပြီ ဖြစ်ကြောင်း၊ စစ်တွေတွင် ဆီးချို အခံရှိသူ ကိုဗစ်ကူးစက်ခံရသူ တစ်ဦးလည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် အိန္ဒိယမှ ထုတ်သည့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူ နှစ်ဦးနှင့် တစ်ကြိမ်ထိုးထားပြီးသူတချို့တွင်လည်း ကိုဗစ်ကူးစက်ခံထားရကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/narinjara.info/posts/4451542214857821

Leave a Reply

Your email address will not be published.