By Western News/ 2021 June 1

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ထက် ယခုနှစ် ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်း အပ်နှံမှုမှာ ၁ သိန်း ၅ သောင်းကျော်ထိ လျော့နည်းနေသေးကြောင်း ရခိုင်ပြည်ပညာရေးဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ပညာသင်နှစ်က ရခိုင်ပြည်တွင် ထက်/လယ်/မူ ကျောင်းသား/သူ စုစုပေါင်း ၅၃၉၅၀၃ ဦးထိတက်ရောက်မှုရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအပ်နှံမှုမှာ ၃၈၂၇၀၅ထိသာရှိသေးကြောင်း ရခိုင်ပြည် ပညာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ ဦးထွန်းထွန်းသိန်းက Western Newsသို့ပြောသည်။
“ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ ထက်/လယ်/မူ ကျောင်းသား/သူ စုစုပေါင်းဟာ ၅၃၉၅၀၃ဦးရှိတယ်။ ဒီနှစ်မှာတော့ မေလ ၂၄ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံမှုက ၃၈၂၇၀၅ဦးရှိတယ်။ နည်းနည်းတော့ နည်းနေသေးတယ်။ ကျောင်းတွေပြန်မဖွင့်ရသေးတဲ့ နေရာတွေလည်းရှိနေသေးတယ်လေ။ ဒါပေမယ့် ၇၀ကျော် ရာခိုင်နှုန်းကတော့ ကျောင်းအပ်ထားပြီပေါ့” ဟုပြောသည်။
ယင်းပြင် ယခုနှစ် ပညာသင်နှစ် ရခိုင်တွင် ကျောင်းအပ်နှံမှု အထက်တန်းကျောင်းသား/သူ ၃၀၆၅၅ဦး ၊ အလယ် တန်း ၁၁၉၀၂၅ ဦး၊ မူလတန်း ၂၃၃၀၂၅ဦး စုစုပေါင်း ၃၈၂၇၀၅ဦးထိပြီး ယင်းထဲတွင် စစ်တွေမြို့နယ်သည် ကျောင်းသား/သူ စုစုပေါင်း ၃၄၄၆၄ဦးဖြင့် ရခိုင်ပြည်တွင်ကျောင်းအပ်နှံမှု အများဆုံးဖြစ်ပြီး မာန်အောင်မြို့နယ် တွင် ၅၃၅၄ဦးဖြင့် ကျောင်းအပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း လည်းသိရသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ရခိုင်တွင်ကျောင်းသား/သူ စုစုပေါင်း ၅၃၉၅၀၃ဦးရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းအပ်နှံမှု ၃၈၂၇၀၅ဦးသာရှိသေး၍ ကျောင်းအပ်နှင်မှုမှာ ၁၅၆၇၉၈ဦးကွာဟမှုရှိနေသည်။
ယခင်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံပညာသင်ကျောင်းများကို သြဂုတ်လ ကတည်းက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ် ၁၉ ကပ်ရောဂါမရှိတော့သည့် အတွက် ရခိုင်က စာသင်ကျောင်းများကို ကိုဗစ်စည်း ကမ်းများ နှင့်အညီ ယနေ့ ဖွင့်လှစ်တက်ရောက်နေပြီဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/301941108279067