ရခိုင်တွင် မူလတန်းကြိုကျောင်းများ တစ်လတိုးမြှင့်ပိတ်မည်ဟုသိရ

By Western News/ 2021 June 5

ရခိုင်ပြည်နယ်တွင် မူလတန်းကြိုကျောင်းများကို ဇွန်လကုန်ထိ တစ်လ တိုးမြှင့်ပိတ်မည်ဟု မူကြိုကျောင်းများသို့ အကြောင်းကြားစာ ရောက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ အကြောင်းကြားစာတွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းနှင့် မိခင်ဝိုင်းတို့အား ဇွန်လကုန်ထိ တိုးမြှင့်ပိတ်လိုက်ကြောင်း ပါရှိပြီး လူမှုဝန်ထမ်း ဒုညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ ၏ လက်မှတ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း စစ်တွေမြို့ရှိ Winner School ကိုယ်ပိုင်မူလတန်းကျောင်းမှ ပြောသည်။

“မူကြိုကျောင်းတွေကို ဒီလ ၃၀ ရက်နေ့အထိပိတ်ထားရဦးမယ်ဆိုပြီး လူမှုဝန်ထမ်းကအကြောင်းကြားစာ ရောက်ပါတယ်။ စာကိုတော့ Viber ကနေပို့လာတာပါ၊၊ ပုဂ္ဂလိက ကျောင်းတွေလည်းပါသလို အစိုးရကျောင်းတွေ လည်း ပါတယ်ပေါ့နော်။ ကျမတို့ကျောင်းကတော့ မူကြိုကို ဒီနှစ်မှစဖွင့်ဖို့ လုပ်ထားတာ ပိတ်ဖို့အကြောင်းကြားစာ ရောက်လာတော့ မဖွင့်ရတော့ဘူးပေါ့” ဟုဆိုသည်။

ပညာရေးတွင် မူလတန်းကြိုအတန်းများသည် လူမှုဝန်ထမ်း၏ စီမံမှုအောက်တွင်ရှိပြီး ကျန်အခြေခံပညာအတန်း များကဲ့သို့ ပညာရေးဌာနများ၏ စီမံမှုအောက်တွင် မရှိကြောင်းသိရသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ မူလွန်အတန်းလက်ခံသည့် တစ်ခြားကိုယ်ပိုင်ကျောင်းများ စုံစမ်းမေးမြန်းကြည့်ရာ မူလွန်အတန်းများ ပိတ်မည်ဟု သတင်းများထွက်ရှိနေကြောင်း သူတို့အနေဖြင့်လည်း မူကြိုအတန်းများလက်ခံခြင်း ကိုပြန်လည်စိစစ်နေရကြောင်း ပြောကြားလေသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ တရားဝင် အကြောင်းကြားစာ ထွက်ရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းအပြင်လူမှုဝန်ထမ်းဌာနသို့ Western News က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါနှင့် ပြည်တွင်း စစ်ပွဲအခြေနေများကြောင့် စာသင်ကျောင်းများကို ၂ နှစ်ကျော် ခန့် ပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/304606071345904

Leave a Reply

Your email address will not be published.