ရခိုင်တွင် မုန်တိုင်းကြောင့် ပြိုပျက်သွားသည့် စစ်ဘေးရှောင်စခန်းများ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေး

By Western News/ 2021 June 5

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ပြိုပျက်နေသောယာယီတဲအိမ်အချို့အား ငွေရေးအခက်အခက်အခဲကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်စခန်းများမှ တာဝန်ရှိသူများက Western News ကိုပြောသည်။

မြောက်ဦးမြို့ စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မေလ ၂၅ ရက်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် တဲအိမ် ၁၃၇ လုံး ပြိုပျက်မှုရှိခဲ့ပြီး အဆိုပါတဲအိမ်များအား ယခုချိန်ထိ အပြီးစီးပြုပြင်မှု မပြုလုပ်နိုင်သေးကြောင်း စင်းဘောကိုင်းစစ်ရှောင်စခန်း၏ တာဝန်ခံ ဦးညီဘု မှပြောသည်။

“မုန်တိုင်းကြောင့် ပြိုပျက်သွားတဲ့တဲအိမ်တွေရော အရင်တည်းကပြိုပျက်နေတဲ့ တဲအိမ်တွေရော ခုချိန်ထိအပြီးစီး ပြုပြင်နိုင်မှုမရှိသေးပါဘူး။ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ပုဏ္ဏားကျွန်းလူငယ်အဖွဲ့က ငွေလာလှူတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒီငွေကြေးနဲ့လည်း လုံလောက်မှုမရှိသေးပါဘူး” ဟုဆိုသည်။

ထို့ပြင် ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ခေါင်မိုးမပြုပြင်ရ‌သေးသည့် တဲအိမ်များ ကျန်ရှိနေသေးပြီး ဓနိဝယ်၍မိုးရန်လည်း ငွေကြေးပိုင်းအခက်အခဲရှိနေကြောင်း အဆိုပါစခန်းမှ တာဝန်ခံ ကိုခိုင်မျိုးအောင်မှ ပြောသည်။

“စခန်းမှာ ခေါင်မိုးမပြုပြင်ရသေးတဲ့ တဲအိမ်တွေကျန်နေပါသေးတယ်၊၊ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ တဲအိမ် ၁၀ လုံးကိုတော့ အရေးပေါ်ပြုပြင်ပြီးသွားပါပြီ။ ခေါင်မိုးတွေကို ဓနိဝယ်ပြီးပြုပြင်ဖို့ကလည်း ငွေကြေးအခက်အခဲရှိတာ ကြောင့်မပြုပြင်နိုင်သေးပါဘူး” ဟုဆိုသည်။

မြေပုံမြို့ ကမ်းထောင်ကြီး စစ်ဘေးရှောင်စခန်းရှိ ယာယီတဲအိမ်များမှာမူ ယခင်နှစ် မိုးရာသီလောက်ကတည်းက ဆောက် လုပ်ထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီအထိ ပြန်လည်ပြုပြင်နိုင်မှုမရှိသေး‌ကြောင်းနှင့် မုန်တိုင်းကြောင့် ပြိုပျက်သွားသည့် တဲအိမ် ၆ လုံးအားလည်း အနည်းငယ်သာပြုပြင်ပြီး နေထိုင်နေရကြောင်း ကမ်းထောင်းကြီး ဥက္ကဋ္ဌ ဦးမောင်သောင်းခင် ကပြောသည်။

“တဲအိမ်တွေက မနှစ်ကမိုးရာသီ စလောက်ကတည်းကဆောက်ထားတာလေ။ ဒီနှစ်အထိတစ်ခါမှ ပြုပြင်မှုမလုပ်ရ သေးဘူး။ ဟိုတလောက မုန်တိုင်းကြောင့် ပြိုသွားတဲ့ တဲအိမ် ၆ လုံးကိုတော့ နေလို့ရသလောက်လေး နည်းနည်းမွမ်း မံပြီး ပြုပြင်ထားပါတယ်” ဟုဆိုသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့ ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာထွက် ပြေးလာရသည့် စစ်ရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့ပြီး ယခုလက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ဦးရေမှာ ၁ သိန်းကျော်အထိကျန်ရှိနေသေးသည်။

https://www.facebook.com/westernnewsagency/posts/304519194687925

Leave a Reply

Your email address will not be published.