ရခိုင်တွင် ပိုးတွေ့လူနာ ၆ ဦး ထပ်တိုး၊ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၈၆ ယောက်ထိရှိလာ

By Development Media Group (DMG)/ June 24

ရခိုင်ပြည်ရှိ စစ်တွေ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တို့တွင် ဇွန်လ ၂၃ ရက်နေ့တွင် ကိုဗစ်ရောဂါ ပိုး ၆ ဦးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

၎င်းတို့မှာ စစ်တွေတွင် ၁ ဦး၊ တောင်ကုတ်တွင် ၂ ဦးနှင့် မောင်တောမြို့တွင် ၁ ဦးဖြစ်ပြီး တောင်ကုတ်မြို့တွင် ပိုးတွေ့လူနာများမှာ တောင်ကုတ်အချုပ်မှ သံတွဲထောင်သို့ ပို့ဆောင်သူများထံ တွေ့ရှိခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်းကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဒီနေ့မှာ ကိုဗစ်ပိုးတွေ့ရှိတာကတော့ အကုန်လုံး ၆ ယောက်တွေ့တယ်။ တောင်ကုတ်မှာ တွေ့တဲ့ လူနာ ၂ ယောက်ကတော့ တောင်ကုတ်အချုပ်ကနေ သံတွဲထောင်ကို ပို့တဲ့သူတွေမှာတွေ့တာပါ။ အရင်ရှိတဲ့ ပိုးတွေ့လူ နာတွေကတော့ အကုန်လုံးကျန်းမာရေးကောင်းပါတယ်” ဟု ဆိုသည်။

COVID 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်က ဆက်ပြောသည်။

လက်ရှိတွင် မောင်တောမြို့မှ ပိုးတွေ့လူနာ ၇ ဦးထိရှိပြီး ၂ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီးဖြစ်ကြောင်း မောင်တောဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံ က DMG သို့ ပြောသည်။

“ပိုးတွေ့ရှိထားတဲ့ လူနာတွေထဲက ၂ ဦးမှာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံက ဆင်းသွားပါပြီ။ ကျန်တဲ့သူတွေကလည်း ကျန်းမာရေးကောင်းပါတယ်။ နောက်ထပ်စစ်ဆေးနေတဲ့ သူတွေလည်းရှိပါတယ်။ သူတို့ကိုတော့ ကွာရင်တင်း ထားထားပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ဂိတ်များတွင် ဘင်္ဂလားဒေးရှ်နိုင်ငံမှ ပြန်လာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းသို့ အခြားနေရာဒေသများမှ ကိုဗစ်ပိုးမကူးစက်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပိတ်သင့်ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကိုဗစ်မကူးစက်စေရေးအတွက် ယခုစီမံဆောင်ရွက်နေသည့် လုပ်ငန်းများကို ပိုမိုဂရုစိုက်လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ တကယ်လို့ ကူးစက်ခံရရင် ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်တာကို အရင်အစိုးရလက်ထက်မှာ အတွေ့အကြုံရှိပြီးပြီ။ ကိုဗစ်ကူးစက်လာရင် လုပ်ရတဲ့အလုပ်တွေက အလွန်တရာမှ ကုန်ကျစရိတ်များပြီးတော့ ရှုပ်ထွေးတယ်။ အခုလို နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ ပိုပြီးတော့ဆိုးလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ သဘောထားဆိုရင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရမယ်။ ” ဟု ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူများရှိသော်လည်း ရောဂါပိုးတွေ့ရှိသူများမှာ ကျန်းမာရေး အခြေနေကောင်းမွန်လာသည့်အတွက် ကွာရင်တင်းစင်တာဖွင့်လှစ်ခြင်းကို လတ်တလောတွင် ဆိုင်းငံ့ထားပြီး ကူးစက်မှုအခြေအနေအပေါ်မူတည်၍ ကွာရင်တင်းစင်တာဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ကျောင်းဟောင်းကို အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။

https://www.facebook.com/dmgnewsagency/posts/2045424275609973

Leave a Reply

Your email address will not be published.