By Narinjara/ 2021 June 24
ချစ်အိလှိုင်

ရခိုင်ပြည်နယ်တွင် ယနေ့ဇွန်လ ၂၄ ရက်နေ့၌ ကျောင်းဆရာမတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးတွင် ကိုဗစ် ၁၉ ပိုး စစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိသည်။
ပိုးတွေ့ရှိခဲ့သည့် ကျောင်းဆရာမမှာ ငပလီမြို့ ၊ ကျွဲသောက်ကုန်း(အလက) ကျောင်းမှ အလယ်တန်းပြဆရာမ တစ်ဦး ဖြစ်ကြောင်း၊ ၄င်းနှင့်ထိတွေ့ဖူးသူ ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများအပါအဝင် သူမ၏ မိသားစုဝင်များ စုစုပေါင်း ၂ဝ ခန့်ကို ကွာရန်တင်း ထားထားကြောင်း သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး က နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
“ အခုတော့ သူနဲ့ ထိတွေ့ဖူးသူတွေကို ကွာရန်တင်းထားဖို့ လုပ်နေပြီ။ သူကတော့ နေမကောင်းလို့ ကျောင်းမတက်တာ တစ်ရက်နှစ်ရက် ရှိပြီလို့ပြောတယ်။ ကျောင်းကိုတော့ အထက်က ညွှန်ကြားချက်နဲ့ အညီပဲလုပ်ရမယ်။ ကျွန်တော်တို့ ဆုံးဖြတ်လို့ မရဘူး အဲဒါကို” ဟုပြောသည်။
လက်ရှိအချိန်ထိ ကျောင်းကို ဖွင့်ထားဆဲဟု သိရသည်။
၄င်းအပြင် မောင်တောမြို့၊ ရပ်ကွက်(၆)မှ အမျိုးသမီးတစ်ဦးမှာ အနံ့ မရတော့သဖြင့် မောင်တောမြို့နယ်ဆေးရုံသို့ လာရောက်စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက ပြောသည်။
“ အနံ့မရလို့လာစစ်တာပါ။ အမျိုးသမီးပါ။ ဝန်ထမ်းမဟုတ်ဘူး။ မောင်တောမှာတော့ ခါတိုင်းထက် ကိုဗစ်အသိပညာပေးမှုတွေတိုးပြီးလုပ်နေပြီ” ဟုပြောသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးတွင် ကိုဗစ် ၁၉ တွေ့ရှိခြင်းမှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အတည်ပြုပြောကြားသည်။
ရခိုင်တွင် မေလ ၁၂ ရက်နေ့မှ ယနေ့ ဇွန်လ ၂၄ ရက်နေ့အတွင်း ကိုဗစ်အတည်ပြုလူနာ သံတွဲတွင် ၃၊ မောင်တောတွင် ၇ ဦး နှင့် စစ်တွေတွင် ၇၇ ဦး စုစုပေါင်း ၈၇ ဦးတွေ့ရှိထားသည်။
https://www.facebook.com/narinjara.info/posts/4437331446278898