ရခိုင်တွင် ကိုဗစ်ရောဂါ ကုန်းတွင်းကူးစက်မှုရှိလာမှသာ နယ်စပ်ကုန်သွယ်ရေးကို ပိတ်မည်ဟုဆို

By Narinjara/ 2021 June 19

ချစ်အိလှိုင်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကုန်းတွင်းကူးစက်မှုများရှိလာမှသာ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရန်အစီအစဉ်ရှိကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ပစက)၏ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကို ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးကိုပိတ်ပစ်လိုက်မယ်ဆိုရင် ဒီမှာရှိတဲ့လူတွေရဲ့အခက်အခဲက ပိုများတဲ့အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေးကို စိုးရိမ်စရာအနေနဲ့ စောင့်ကြည့်ကြီးကြပ်ထားဖို့ ဆုံးဖြတ်ကြတယ်။ တကယ်လို့သာ ကုန်းပေါ်ကို ဒီရောဂါရောက်လာလို့ရှိရင် ဆွေးနွေးပြီးတော့ ရပ်ချင်ရင် ရပ်ပစ်လိုက်ဖို့ အနေအထားရှိတယ်။”ဟု သူကပြောသည်။

လက်ရှိ စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်ပြီးပြန်လာသူများနှင့် တရားမဝင်ခိုးဝင်လာသူများ၌ ကိုဗစ်ပိုးရှိသူ မေလအတွင်းမှ ဇွန်လ ၁၈ ရက်နေ့အထိ ၇၁ ဦးအထိ တွေ့ရှိထားပြီဖြစ်သည်။

၎င်းတို့ထဲတွင် ဘင်္ဂလားဒေ့ရှ်မှခိုးဝင်လာသူ ၃ ဦးပါဝင်ပြီး ကျန်လူဦးရေမှာ နယ်စပ်ကုန်သွယ်ရေးမှတဆင့် စက်လှေနှင့် သင်္ဘောများပေါ်မှ ဝန်ထမ်းများဖြစ်သည်။

ယခုကဲ့သို့ ပိုးတွေ့သူများပြားလာနေသည့်အတွက် ပစက ကောင်စီနှင့် နယ်စပ်ကိုဗစ်တုံ့ပြန်ကာကွယ်ရေးအဖွဲ့တို့က ယမန့်နေ့တွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ကုန်းတွင်းကူးစက်မှုရှိလာမှ နယ်စပ်ကုန်သွယ်ရေးကိုပိတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“လက်ရှိအနေအထားမှာ စစ်တွေရဲ့မြို့ပေါ်မှာ လူနာတွေကို တွေ့ရှိခြင်းမဟုတ်ဘဲနဲ့ ရေလယ်မှာကွာရန်တင်းလုပ်ထားတဲ့လှေတွေကပဲတွေ့တာဖြစ်နေတယ်။ တွေ့တဲ့လူတွေကိုလည်း ဆေးရုံမှာဆေးကုသပေးနေတယ်။ နောက်ပြီးတော့ ရွှေမင်းဂံနဲ့ ဘင်္ဂလားဒေ့ရှ်ကြားထဲမှာ လှေတွေဟာ တစ်ခြားနေရာတွေမှာမကပ်အောင်စီမံထားတယ်။ ဆိပ်ကမ်းကိုရောက်ရင် လူဦးစာရင်းပြန်စစ်တယ်။ ပြီးရင် ရေထဲကနေ ကုန်းပေါ်ကိုမတက်ခိုင်းဘူး။” ဟုပြောသည်။

၎င်းအပြင် ကုန်တင်၊ ကုန်ချသမားများကိုလည်း နှာခေါင်းစည်းတပ်၍ ကိုဗစ်စည်းကမ်းနှင့်အညီဆေးဖြန်းပြီးမှ တက်ရောက်ရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဆေးကုသမှုခံယူနေသူ အားလုံး၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4423538860991490

Leave a Reply

Your email address will not be published.