By Development Media Group (DMG)/ June 16
ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပြန့်ပွားမှုမရှိအောင် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို စည်းကမ်းတကျ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ပြောသည်။
ရခိုင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ဂိတ်များတွင် ဘင်္ဂလားဒေးရှ်နိုင်ငံမှ ပြန်လာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း ဦးလှသိန်းကပြောသည်။
“နယ်စပ်ကုန်သွယ်မှုအပိုင်းတွေမှာ ရေကြောင်းကို အသုံးပြုရတဲ့အတွက်ကြောင့် တဖက်နိုင်ငံကပြန်လာတဲ့ စက်လှေတွေကို ကုန်းပေါ်တက်ခွင့်မပေးဘဲ အဲဒီနေရာမှာ ၁၀ ရက်ထားပြီးတော့ ကွာရင်တင်းထားပါတယ်။ ကွာရင်တင်း ၁၀ ရက်အတွင်းမှာပဲ နခေါင်းတိုးဖတ်တွေယူပြီးတော့ ဆေးစစ်ပါတယ်။ သူတို့က ကမ်းပေါ်တက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ကျနော်တို့ ရဲကင်းတွေကို စနစ်တကျဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့က မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဝင်လာသော မွတ်ဆလင် လူ ၁၉ ဦးကို စစ်ဆေးရာ နှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် လုံခြုံရေးများကို တင်းကျပ်စွာဆောင် ရွက်ထားကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က DMG သို့ပြောသည်။
“အပြင်ကလုံခြုံရေးကျတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကနေပြီးတော့ ဆောင်ရွက်နေတယ်။ မြို့ထဲမှာကတော့ ခိုးလာတဲ့သူတွေကို ကွာရင်တင်းထားပြီးတော့ ဆေးစစ်တာတွေပြုလုပ်နေပါတယ်။ အခုကတော့ လောလောစဉ် ပို့တွေ့လူနာက နှစ်ယောက်ပဲရှိသေးတယ်။ နောက်ထပ် ပို့တွေ့သူတွေတော့ မရှိသေးပါဘူး” ဟု ပြောသည်။
ရခိုင်ပြည်အတွင်းသို့ အခြားနေရာဒေသများမှ ကိုဗစ်ပိုးမကူးစက်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သင့်ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကိုဗစ်မကူးစက်စေရေးအတွက် ယခုစီမံဆောင်ရွက်နေသည့် လုပ်ငန်းများကို ပိုမိုဂရုစိုက်လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ တကယ်လို့ ကူးစက်ခံရရင် ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်တာကို အရင်အစိုးရလက်ထက်မှာ အတွေ့အကြုံရှိပြီးပြီ။ ကိုဗစ်ကူးစက်လာရင် လုပ်ရတဲ့အလုပ်တွေက အလွန်တရာမှ ကုန်ကျစရိတ်များပြီးတော့ ရှုပ်ထွေးတယ်။ အခုလို နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ ပိုပြီးတော့ဆိုးလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ သဘောထားဆိုရင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရမယ်။ ” ဟု ပြောဆိုထားသည်။
လက်ရှိ ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူများရှိသော်လည်း ရောဂါပိုးတွေ့ရှိသူများမှာ ကျန်းမာရေး အခြေနေကောင်းမွန်လာသည့်အတွက် ကွာရင်တင်းစင်တာဖွင့်လှစ်ခြင်းကို လတ်တလောတွင် ဆိုင်းငံ့ထားပြီး ကူးစက်မှုအခြေအနေအပေါ်မူတည်၍ ကွာရင်တင်းစင်တာဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ကျောင်းဟောင်းကို အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးအထိရှိပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူများမှာ ကျန်းမာရေးအခြေ နေကောင်းမွန်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောထားသည်။
https://www.facebook.com/dmgnewsagency/posts/2039373082881759