By Western News/ 2021 June 24
ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းကူးစက်မှုများလာနေ၍ ဒေသခံပြည်သူများ အနေဖြင့် ပေါ့ပေါ့ဆဆမနေဘဲ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားထားသည့်ကိုဗစ်စည်းမျဉ်းများဖြင့် နေထိုင်ကြရန် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။
ဇွန်လ ၂၃ ရက်နေ့က တစ်ရက်တည်းတွင် ရခိုင်ပြည်နယ်မှ စစ်တွေ၊ တောင်ကုတ်၊ မောင်တောမြို့တို့တွင် ကိုဗစ် ၁၉ ရောဂါ ပိုး တွေ့ရှိသူ ၆ ဦးထိရှိခဲ့ပြီး ယနေ့သံတွဲတွင် ၁ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် သံတွဲမြို့၊ဂျိတ်တောရပ်ကွက်မှ ကျောင်းဆရာမကြီး တစ်ဦးတွင်ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ရခိုင်တွင်ကို ဗစ်ပိုးတွေ့ရှိသူ ၈၆ ဦးရှိသွားပြီဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းများနှင့် အညီနေထိုင်ကြပါဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဒေါက်တာ စိုးဝင်း ပိုင်က Western News ကိုပြောသည်။
“ မနေ့က ထိတော့ ၈၅ ဦးထိရှိတယ်။ အဲ့ဒီ ၈၅ ဦးထဲမှာ ၅၈ ဦးက ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန်တဲ့သူတွေ ကတော့ ဆေးရုံဆင်းသွားကြပြီ။ ကျန်တဲ့ ၅၈ ဦးထဲမှာလည်း ရောဂါလက္ခာဏာပြတာက ၃ ယောက်ပဲရှိတယ်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေက ကျန်းမာရေးကောင်းမွန်ကြပါတယ်။ ဒီနေ့ ဒီနေ့ သံတွဲမှာ ၁ ဦးတွေ့တယ်။ သူကိုတော့ ဆေးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”ဟုပြောသည်။
ပြည်ပသို့ ခရီးသွားလာခြင်းမရှိဘဲ ကိုဗစ်ပိုးတွေ့သူများ၏ မိသားစုဝင်များကို Home Quarantine နေခိုင်းထားပြီး ကိုဗစ်ရောဂါမှာ ကူးစက်ပြန့်ပွားမှု မြန်သည့်အတွက် လူစုလူဝေးမလုပ်ကြရန်၊ အပြင်သွားက Mask တပ်ကြရန်နှင့် ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားသည့်ကိုဗစ်စည်းကမ်းနှင့်အညီနေထိုင်ကြရန် ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၂ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်မှုပြုလုပ်နေသူ ၄ ဦးထဲမှ ကိုဗစ်ပိုးတွေ့ရှိပြီး နောက် ယနေ့ ဇွန်လ ၂၄ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ ၈၆ ဦးထိရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦး စီးဌာန၏ စာရင်းအရသိရှိရသည်။
ရခိုင်တွင် ယခုနှစ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ကိုဗစ် ၁၉ ဒုတိယလှိုင်းကြောင့် သေဆုံးသူ ၃၇ ဦးရှိခဲပြီး ရောဂါပိုး ကူးစက်ခံရသူ ၄၂၆၄ ဦးရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/316647403475104