ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သင့်ကြောင်း အရပ်ဖက်အဖွဲ့များပြော DMG ၊ ဇွန် ၂၄

By Development Media Group (DMG)/ June 24

ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့လူနာများ တိုးလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သိမ်းသင့်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များက တိုက်တွန်းပြောဆိုကြသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိမှုသည် မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ဘက်မှ ကူးစက်လာခြင်းဖြစ်သည့် အတွက် အဆိုပါကုန်သွယ်ရေးဂိတ်များအား ပိတ်ထားသင့်ကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ တာဝန်ခံ မဦးခိုင်သိန်းက ပြောသည်။

“လက်ရှိအခြေအနေအရဆိုရင် ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားတာက ပိုကောင်းမယ်ထင်တယ်။ တကယ်လို့ ဖွင့်မယ်ဆိုရင်တောင် အစိုးရက သေချာကြပ်မတ်ပြီးတော့ ဖွင့်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုရင် အခုက ရခိုင်မှာက လက်ရှိအခြေအနေအရ အားလုံး အဲဒီကုန်သွယ်ရေးဂိတ်ဘက်က ကူးလာတာတွေဖြစ်တဲ့ အတွက် ဂိတ်တွေကို ပိတ်ထားတာကပဲ ပိုကောင်းမယ်လို့ မြင်တယ်” ဟု သူကပြောသည်။

ယမန်နေ့ ၂၃ ရက်နေ့ကလည်း စစ်တွေ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိသူ  ၆ ဦးရှိခဲ့ပြီး ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင်လည်း မောင်တောမြို့ ၄ မိုင်မှ အရပ်သား အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကိုဗစ်ပိုးတွေ့ရှိမှုများလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို  သေသေချာချာကန့်သတ် စောင့်ကြည့်ပြီး လုပ်ဆောင်သင့်ကြောင်းနှင့် တစ်ဖက်တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ထားခြင်းမှာ အကောင်းဆုံးဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို အခုအခြေအနေအရ သူတို့ဘက်က လုံးဝ အာမခံချက်ရှိတယ်၊လုံးဝ ကူးစက်မှု မရှိအောင်လုပ်ထားတယ်။ သဘောက သေသေချာချာစစ်ဆေးတယ်၊လာတဲ့သူတွေကိုလည်း သေသေချာချာကန့်သတ်ထားတယ်၊စောင့်ကြည့်ထားတယ်လို့ သူတို့အာမခံရင်တော့ ပြဿနာမရှိဘူး။ အဲဒီလိုမဟုတ်ဘဲ သေသေချာချာမလုပ်ထားဘဲ ဒေသတွင်းကူးစက်မှုဖြစ်လာရင်တော့ သူတို့တာဝန် ဖြစ်သွားမယ်။ဆိုတော့ အကောင်းဆုံးက နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာ အကောင်းဆုံးပဲ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ဂိတ်များတွင် ဘင်္ဂလားဒေးရှ်နိုင်ငံမှ ပြန်လာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။

လက်ရှိတွင် ကိုဗစ်ပိုး ပြန်လည်တွေ့ရှိခြင်းမှာ စိုးရိမ်စရာဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ထားသင့်သလို ဒေသတွင်းကား၊လေယာဉ်များ အဝင်/အထွက်ကိုလည်း ပြန်လည်စစ်ဆေးရန်လိုအပ် လာသည်ဟု ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဆိုသည်။

“အခု ကိုဗစ်အခြေအနေက ပြန်ပြီး ခေါင်းမော့လာတဲ့ အခြေအနေမြင်ရတဲ့အတွက် အများကြီး စိုးရိမ်စရာ ဖြစ်တယ်။အခုရခိုင်မှာက လမ်းခရီးတွေလည်း တျောက်လျှောက်ဖွင့်နေတယ်ဆိုတော့ နယ်စပ်တွေကို အရင်ဆုံးပိတ်သင့်တယ်လို့ မြင်တယ်။နောက် ကား၊လေယာဉ်အသွားအလာတွေကို ပြန်ပြီးစစ်ဆေးဖို့ လိုလာတယ်လို့ ထင်တယ်” ဟု သူကပြောသည်။

ပြီးခဲ့သည့် လမှစ၍ ရခိုင်ပြည်တွင် ကိုဗစ်ကူးစက်မှု ၈၇ ဦးအထိ ရှိလာနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနက သိရသည်။

COVID 19 နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အသိပေးပြောဆိုထားသည်။

https://www.facebook.com/dmgnewsagency/posts/2045620818923652

Leave a Reply

Your email address will not be published.