By Western News/ 2021 June 18

ရခိုင်ပြည်နယ်တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မူခံယူနေကြသည့် ပိုးတွေ့လူနာများမှာ စိုးရိမ်စရာမရှိဘဲ ကျန်းမာရေးကောင်းမွန်လျှက်ရှိနေကြသည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကပြောသည်။
စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မူခံယူနေကြရသူ ၆၆ ဦးရှိခဲ့ပြီး ၎င်းတို့ထဲမှ ၂၅ ဦးမှာ ဆေးရုံမှဆင်းခွင့် ပေးလိုက်သဖြင့် လက်ရှိတွင်ဆေးရုံ၌ ၄၁ ဦးသာကျန်ရှိတော့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
“ စစ်တွေမှာပိုးတွေ့လူနာ ၆၆ ဦးရှိခဲ့တယ်။ အဲဒီထဲက ၂၅ ယောက်ကို ဆေးရုံကဆင်းခွင့်ပေးလိုက်ပြီ။ အခုတော့ ဆေးရုံမှာ ၄၁ ယောက်ပဲကျန်တော့တယ်။ အကုန်လုံးကကျန်းမာရေး ကောင်းကြတယ်။ စိုးရိမ်စရာမရှိဘူး”ဟု ပြောသည်။
စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် အလုပ်သမားများကို ကိုဗစ်ပိုးစစ်ဆေးရာ၌ မေလ ၁၂ ရက်နေ့တွင် ၄ ဦး၊ မေလ ၁၃ ရက်နေ့တွင် ၁ ဦး၊ မေလ ၁၈ ရက်နေ့တွင် ၁ ဦး၊ မေလ ၂၁ ရက် နေ့တွင် ၇ ဦး၊ ဇွန်လ ၁ ရက်နေ့တွင် ၃ ဦး၊ ဇွန်လ ၈ ရက်နေ့တွင် ၉ ဦး၊ ဇွန်လ ၁၆ ရက်နေ့တွင် ၁၁ ဦးနှင့် ဇွန်လ ၁ ၇ ရက်နေ့တွင် ၃၁ ဦး စုစုပေါင်း ၆၆ ဦးတွင်ပိုးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။
အလားတူ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးစောင့်ရှောက်မူခံယူလျှက်ရှိနေကြသည့် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးမှာလည်း ကျန်းမာရေးကောင်းမွန်ကြသည်ဟု ယင်းဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက Western News ကိုပြောသည်။
“ မောင်တောဆေးရုံမှာက ပိုးတွေ့လူနာ ၃ ယောက်ရှိတယ်။ သူတို့ ၃ ယောက်လုံးကျန်းမာရေးကောင်းမွန်ကြတယ်။ နောက်ထပ်ပိုးတွေ့တဲ့လူတော့ မရှိသေးဘူး။ ဆေးရုံကတော့ မဆင်းရသေးဘူး”ဟု ပြောသည်။
မောင်တောမြို့နယ်မှပိုးတွေ့လူနာများမှာ ဘဂ်လားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ၁ ဦး၊ ဇွန်လ ၁၁ ရက်နေ့တွင် ၁ ဦးနှင့် ဇွန်လ ၁၆ ရက်နေ့ တွင် ၁ ဦး စုစုပေါင်း ၃ ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်ကိုဗစ်၁၉ ဒုတိယလိုင်း စတင်ဖြစ်ပွားခဲ့မှုသည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လလယ်မှ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက် နေ့အထိ သေဆုံးသူ ၃၇ ဦးရှိပြီး ရောဂါပိုးကူးစက်ခံရသူ ၄၂၆၄ ဦရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
https://www.facebook.com/westernnewsagency/posts/312706333869211