ရခိုင်တွင်တစ်ရက်တည်း ကိုဗစ် လူနာ ၁၁ ဦး ထပ်တိုး၊ ၁ဝ နှစ်အောက်ကလေးငယ်နှင့် ရဲအရာရှိတစ်ဦးလည်းပါဝင်

By Narinjara/ 2021 June 27

ချစ်အိလှိုင်

ရခိုင်တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့ တစ်ရက်တည်း၌ ကိုဗစ်လူနာ ၁၁ ဦးထပ်မံတွေ့ရှိပြီး ယင်းအထဲတွင် ၁ဝ အောက်ကလေးငယ်နှင့် ရဲအရာရှိတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့မှာ သံတွဲမြို့မှ ၁ ဦး၊ ငပလီမြို့မှ ၇ ဦးနှင့် မောင်တောမြို့မှ ၃ ဦးတို့ဖြစ်ကြသည်။

သံတွဲမြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းထွန်းက “ လွန်ခဲ့တဲ့ ၂၁ ရက် ၂၂ ရက်နေ့မှာတွေ့ခဲ့တဲ့ လူနာတွေရှိတယ်ပေါ့။ အဲဒီက ထိတွေ့ဖူးသူတွေကို စစ်ကြည့်တာ။ အဲဒီထဲမှာ ၇ ယောက်တွေ့တာ။ မနေ့ကတွေ့တဲ့ ကျောင်းဆရာမရဲ့ကလေး ရဲ့သူငယ်ချင်းတစ်ယောက်ပါတယ်။ KG တန်းဆိုတော့ ဆယ်နှစ်အောက်ပေါ့။ နောက်ထပ်သူ့ညီမရဲ့ဆရာ၊ ဆရာမတွေနဲ့သူငယ်ချင်းတွေပါ။ နောက်ထပ်သံတွဲက အမျိုးသမီးကတော့ အနံ့မရလို့ စစ်လိုက်တဲ့အချိန်မှာလည်း positive ထွက်ပါတယ်။ ဒီနေ့တွေ့တာ အားလုံး ၈ ယောက်ပေါ့” ဟုပြောသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က ငပလီမြို့ရှိ လင်းသာရပ်ကွက်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်ကျောင်းဆရာမ၏ မိသားစုဝင်များဖြစ်သည့် မိခင်ဖြစ်သူ၊ သမီးဖြစ်သူ KG တန်းနှင့်ညီမတစ်ဝမ်းကွဲဖြစ်သူ ဆယ်တန်းကျောင်းသူတို့တွင် ယနေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ယနေ့ ပိုးတွေ့ရှိခဲ့သူများတွင် မောင်တောမြို့နယ်တွင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးနှင့် အရပ်သားနှစ်ဦးတို့လည်း ပါဝင်သည်။

မောင်တောမြို့မရဲစခန်းမှူး မြင့်ကျော်ဦးက “ ရဲအုပ်ရဲ့ အမျိုးသမီးမှာအရင်တွေ့ခဲ့တာ။ နောက်တော့ သူ့ကိုစစ်တော့ သူ့ကိုလည်း ထပ်တွေ့တာပါ။ နောက်ထပ် ရွှေဇားက အမျိုးသားတစ်ဦးနဲ့ ကြက်ရိုးပြင်ရွာက အမျိုးသားတစ်ယောက်ပါ။ အားလုံးပေါင်း သုံးယောက်ပေါ့။” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ သံတွဲတွင် ၁၅ ဦး၊ မောင်တောတွင် ၁၁ ဦး နှင့် စစ်တွေတွင် ၇၇ ဦး စုစုပေါင်း ၁ဝ၃ ဦး ရှိပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4443710178974358

Leave a Reply

Your email address will not be published.