By Development Media Group (DMG)/ 2021 June 8
ရခိုင်ပြည်ရှိ စစ်ဘေးရှောင် မူလတန်းကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်စစ်ကောင်စီမှ တစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောသည်။
မူလတန်းအရွယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာရင်းကို ကောက်ယူထားပြီး မည်သည့်အချိန်တွင် စတင်ထောက်ပံ့ပေးသွားမည်ကို မသိရသေးကြောင်း ၎င်းကဆိုသည်။
“စစ်ဘေးရှောင်စခန်းတိုင်းမှာရှိတဲ့ မူလတန်းအရွယ် ကလေးတွေအားလုံးကို ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားဖို့ ဆုံးဖြတ်ထားတာရှိတယ်။ ဗလာစာအုပ်နဲ့ စာရေးကိရိယာတွေကတော့ အခမဲ့ ပညာရေးစနစ်ဖြစ်တာကြောင့် ကျောင်းတွေက ပေးမှာပါပဲ” ဟု ဦးလှသိန်းက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ကလေးငယ်များမှာ ကျောင်းသို့ သွားလာရန်ခက်ခဲမှုနှင့် မိဘများငွေကြေး မပြေလည်မှုတို့ကြောင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအပြင် မိုးတွင်းကာလတွင် အသုံးပြုရမည့် ထီး၊ မိုးကာနှင့် ဖိနပ်များလိုအပ်နေပြီး ကျောင်းဝတ်စုံတစ်စုံစီထောက်ပံ့မှုမှာ ကလေးငယ်များအတွက် လုံလောက်မှု မရှိနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆိုသည်။
“ကျောင်းဝတ်စုံတွေ ထောက်ပံ့မယ်ပြောထားပေမယ့် အခုထိ မရသေးတာကို တွေ့ရတယ်။ သိရသလောက်တော့ ကျောင်းကို အခမဲ့အပ်ခွင့်ရတယ်။ အချို့နေရာတွေမှာ ဗလာစာအုပ် ခြောက်အုပ်ရတာရှိတယ်။ အချို့နေရာ တွေမှာဆို မရဘူးကြားတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ကျောင်းဝတ်စုံနဲ့ စာရေးကိရိယာတွေ ဒီထက်မက လိုအပ်ပါတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများမှ ကျောင်းတက်ရောက်သည့် ကျောင်းသူကျောင်းသားဦးရေကို လက်ရှိတွင် ကောက်ယူလျှက်သာရှိသေးပြီး ယခုရရှိထားသော စာရင်းများအရ စစ်ဘေးရှောင်ကလေးငယ်များ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ကျောင်းတက်ရောက်ခြင်းမရှိသေးကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။
“အချို့စခန်းတွေမှာဆိုရင် စစ်ရှောင်စခန်းထဲမှာ ကျောင်းမရှိတော့ အခြားရွာတွေကို အဝေးကြီးသွားပြီး ကျောင်းတက်နေရတာတွေရှိတယ်။ နောက်ပြီး အရင်ကတိုက်ပွဲဖြစ်ထားတော့ ရွာထဲမှာ ဆရာဆရာမ အစုံလင်မရှိသေးတာတွေရှိတယ်။ အချို့တွေဆိုရင် ငွေရေးကြေးရေးမတက်နိုင်လို့ ကျောင်းမတက်ရတဲ့ သူတွေရှိတယ်” ဟု သူကရှင်းပြသည်။
စစ်ဘေးရှောင်စခန်းများမှာ ပြင်ပကူညီမှုနည်းပါးလာသည့်အတွက် စခန်းတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအပ်နှံပေးနိုင်သော်လည်း အချို့စာအုပ်စာတန်းများ၊ စာရေးကိရိယာများနှင့် မိုးရာသီတွင် အသုံးပြုမည့် ထီး၊ မိုးကာနှင့် ဖိနပ်များလိုအပ်နေသေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထို့အပြင် စားဝတ်နေရေးအဆင်မပြေမှုကြောင့် သားသမီးများကို ကျောင်းအပ်နှံရန် အခက်အခဲများစွာရှိနေသည်ဟု စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ဦးအောင်ဘစိန်က ပြောသည်။
“ကျောင်းအပ်ရင် ပိုက်ဆံမပေးရပေမယ့် သူတို့အတွက်လိုအပ်တဲ့ လွယ်အိတ်၊ ထီး၊ ဖိနပ်တွေကို ဝယ်ဖို့ ကျွန်တော်တို့ မတက်နိုင်ပါဘူး။ လက်ရှိမှာက ထောက်ပံ့တာတွေနဲ့ပဲ စားနေရတယ်။ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်တော့ ငွေနှစ်ထောင်သုံးထောင်လောက်ရတယ်။ ဒါပေမယ့် တစ်လမှာ နှစ်ခါသုံးခါလောက်ပဲ အလုပ်ကရတာပါ” ဟု သူကဆိုသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဇွန်လ တစ်ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ထားခဲ့ပြီး အခမဲ့ ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းအပ်နှံခကို ကောက်ခံခြင်းမပြုသည့်အပြင် ကျောင်းသူ၊ ကျောင်းသားများကို စာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးထားကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက DMG သို့ ပြောဆိုထားသည်။
https://www.facebook.com/dmgnewsagency/posts/2033178476834553