ရခိုင်စစ်ဘေးရှောင်ကလေးငယ် ၃၀ ရာခိုင်နှုန်း ကျောင်းမတက်နိုင်သေး

By Development Media Group (DMG)/ June 16

ပြီးခဲ့သည့် ဇွန်လတစ်ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်အတွင်း ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

သို့သော်လည်း စစ်ဘေးရှောင်စခန်းမှ ကျောင်းနေအရွယ်ကလေး ၃၀ ရာခိုင်နှုန်းမှာ ကျောင်းမတက်နိုင်သေးကြောင်း REC ၏ စစ်တမ်းအရ သိရသည်။

ရခိုင်ပြည်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပြီး ယင်းအထဲက ၃၀ ရာခိုင်းနှုန်းမှာ ကျောင်းနေအရွယ်ကလေးငယ်များဖြစ်သည်ဟု REC ၏ တာဝန်ရှိသူများက ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ မိဘများမှာ ငွေကြေးအခက်အခဲကြောင့် ကလေးငယ်များကို ပညာမသင်နိုင်ကြောင်းနှင့် ကျောင်းတက်နေသည့် ကလေးငယ်များမှာလည်း ကျောင်းသုံးကိရိယာများ၊ မိုးရာသီအသုံးအဆောင်များ လိုအပ်နေသည်ဟု စစ်တွေမြို့ ဥဿင်းကျောင်းတိုက်စစ်ဘေးရှောင်ခစန်းမှ ဦးသံလုံးအောင်က ပြောသည်။

“အခက်အခဲကတော့ ထီးမရှိဘူး၊ ဖိနပ်မရှိဘူး။ ကျောင်းကလည်း တစ်ပတ်မှာ သုံးရက်ပဲတက်ရတယ်။ တစ်ပတ်မှာ သုံးရက်ပဲဆိုတော့ ကျောင်းတက်ရတာ အဆင်မပြေဘူးလေ။ နောက်ပြီး ကျူရှင်လည်းထားရတယ်။ အလယ်တန်းတစ်ယောက်ကို ထားရတယ်။ တစ်လကို သူ့အတွက် နှစ်သောင်းနှုန်းပေးရတယ်” ဟု ပြောသည်။

ဦးသံလုံးအောင်မှာ သားသမီး ၄ ယောက်ရှိပြီး ပုံမှန်အလုပ်အကိုင်မရှိ၍ ဝင်ငွေနည်းခြင်းကြောင့် သားသမီးများ၏ ပညာရေးကို အပြည့်အဝထောက်ပံ့ရန် အခက်အခဲရှိနေခြင်းဖြစ်သည်။

အဆိုပါ အခက်အခဲများဖြင့် အဆင်မပြေမှုကြားက ကလေးငယ်များအား ပညာသင်ကြားပေးသည့် မိသားစုများရှိသလို ငွေကြေးလုံးဝမတတ်နိုင်၍ သားသမီးများ၏ ပညာရေးကို ကြိတ်ပြီးမျက်ကွယ်ပြုနေရသည့် စစ်ဘေးရှောင်မိသားစုများလည်းရှိနေသည်။

အိမ်ထောင်ဦးစီးဖြစ်သူနှင့် ဖခင်ဖြစ်သူ ဆုံးပါးသွားခြင်းကြောင့် အမေအိုနှင့်ကျန်ခဲ့သည့် ကလေးသုံးယောက်ကို စောင့်ရှောက်နေရ၍ ယင်းကလေးငယ်များ၏ ပညာရေးကို မျက်ကွယ်ပြုထားရသည်ဟု စစ်တွေမြို့ သရက်အုပ်ကျောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းရီက ပြောသည်။

“စားဝတ်နေရေးအခက်အခဲတွေ၊ ကျန်းမာရေးအခက်အခဲတွေရှိတော့ အဆင်မပြေဘူးပေါ့နော်။ ကျန်းမာရေးမကောင်းတဲ့ အမေအိုတစ်ယောက်လည်းရှိပါတယ်။ ခဏခဏဆေးခန်းသွားရတယ်။ ဆေးခန်းပြရတယ်။ ဒါ့ကြောင့် အဆင်မပြေပါဘူး။ နောက်ပြီး ကျွန်မတို့မှာ အဖေလည်းမရှိတော့ပါဘူး။ ဒါကြောင့် သားမိနှစ်ယောက်လုံး အလုပ်လုပ်နေကြရပါတယ်။ ငွေရေးကြေးရေးအဆင်မပြေလို့ပါ”ဟု သူကဆိုသည်။

ငွေကြေးအခက်အခဲကြောင့် သမီးဖြစ်သူကို မြို့ထဲက စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ခိုင်းထားရပြီး မိမိကိုယ်တိုင်လည်း ထမင်းဆိုင်တစ်ဆိုင်တွင် အကူဝင်လုပ်နေကြောင်း ဒေါ်သန်းရီက ပြောသည်။

ကျောင်းတက်နေကြသည့် စစ်ဘေးရှောင်ကလေးငယ်များမှာလည်း စာအုပ်၊ ထီး၊ ဖိနပ်၊ မိုးကာနှင့် ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်းနှင့် ကျောင်းနှင့်ဒုက္ခသည်စခန်း အလှမ်းဝေးသည့် အခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း စခန်းတာဝန်ခံများက ပြောသည်။

ရခိုင်ပြည်ထဲမှ မူလတန်းအရွယ် စစ်ဘေးရှောင်ကလေးငယ်များကို ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ ယခုအချိန်ထိ ကျောင်းဝတ်စုံလာရောက်ထောက်ပံ့ခြင်းမရှိသလို မိုးရာသီဖြစ်သည့်အတွက် ကျောင်းဝတ်စုံတစ်စုံနှင့် လုံလောက်မည်မဟုတ်ကြောင်း  မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပရဟိတဆောင်ရွက်နေသည့် ကိုဝေဟင်အောင် ဦးဆောင်ပြီး တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စာသင်ဆောင် ဆောက်လုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကို နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှု နည်းနေ၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက စစ်ရှောင်ကလေးငယ်များ၏ ပညာရေးကို တာဝန်ယူဆောင်ရွက်သင့်ကြောင်း REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက တိုက်တွန်းထားသည်။

ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အခြေခံစာသင်ကျောင်းများတွင် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ကျောင်းနေအရွယ်များ လာရောက်သင်ကြားနိုင်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်တွေနှင့် မောင်တောခရိုင်တွင် ဘင်္ဂလာနယ်စပ်မှ ဝင်ရောက်လာသူများထံ ကိုဗစ်ပိုးတွေ့လူနာများနေ၍ ရခိုင်ပြည်အတွင်းက စာသင်ကျောင်းများ ပြန်လည်ပိတ်လိုက်ရမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

https://www.facebook.com/dmgnewsagency/posts/2039544442864623

Leave a Reply

Your email address will not be published.