By RFA/ 2021 June 25
ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က အခြေခံပညာသင်ကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ၉၇ ရာခိုင်နှုန်းအထိ ကျောင်းတက်နေကြပြီလို့ဆိုပေမယ့် စစ်ဘေးဒုက္ခသည်စခန်းက ကျောင်းသူ၊ ကျောင်းသား ၃၀ ရာခိုင်နှုန်းကတော့ အခုအချိန်အထိ ကျောင်းမတက်နိုင်သေးဘူးလို့ စစ်ဘေးဒုက္ခ သည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က RFA ကို ပြောပါ တယ်။
ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄၁ ခုမှာ ကျောင်းသူ၊ ကျောင်းသား သုံးသောင်းကျော်ရှိပြီး အဲဒီအထဲက တစ်သောင်းဝန်းကျင်လောက်ဟာ စာသင်ခန်းနဲ့ အလှမ်းဝေးနေကြတာလို့ ဆိုပါတယ်။
အဲဒီကျောင်းသူ၊ ကျောင်းသား တစ်သောင်းဝန်းကျင်ဟာ အခြေခံပညာအထက်တန်းအဆင့်ဖြစ်တဲ့ ကိုးတန်း၊ ဆယ်တန်း ကျောင်းသူ၊ ကျောင်းသားတွေဖြစ်တယ်လို့ REC အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“စစ်ဘေးဒုက္ခသည်စခန်းတွေမှာတော့ အကြမ်းအားဖြင့်ဆိုလို့ရှိရင် ကျောင်းကောင်းကောင်း မသင်ရ သေးဘူးပေါ့။ တချို့ကကျတော့ ကျောင်းတွေဖွင့်ပေမယ့်လည်း ဆရာ၊ ဆရာမတွေ မရှိတာရယ်၊ တချို့ကျတော့လည်း ကျောင်းတက်ဖို့အတွက် မိဘတွေ မတတ်နိုင်တာတွေကြောင့်ပေါ့။ အထူးသဖြင့် ကိုးတန်း၊ ဆယ်တန်းတို့လို အတန်းကြီးတွေမှာ များပါတယ်။ အရေအတွက်တော့ တစ်သောင်းဝန်းကျင် လောက်ရှိပါမယ်”
အဲဒီကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသားတွေဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေး ပဋိက္ခကာ လအတွင်းမှာ အိုးအိမ်တွေကိုစွန့်ခွာပြီး မိဘတွေနဲ့အတူ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်လာခဲ့ရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလက်ရှိ ခိုလုံနေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းလည်း အလှူရှင်တွေက လာလှူတဲ့ ရိက္ခာကိုပဲ မှီခိုနေ ကြရသလို အလုပ်အကိုင်လည်း မရှိတဲ့အတွက် ငွေကြေးအခက်အခဲကြောင့် ကျောင်းမထားနိုင်ကြသူ တွေရှိတယ်လို့ အမ်းမြို့နယ် စညှင်းစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ အရှင် သဘာဝနဒီက မိန့်ပါတယ်။
“သူတို့ကိုယ်တိုင်တောင် ပြည်တွင်းစစ်ပွဲကြောင့် မိမိနေရပ်အိုးအိမ်တွေကို စွန့်ခွာပြီးပြေးလာရတယ်။ ဒုက္ခ သည် စခန်းမှာခိုလုံပြီးတော့ လူတွေလာရောက်လှူဒါန်းတဲ့ရိက္ခာနဲ့ သူတို့ အသက်ဆက်လက်ရှင်သန် နေရတယ်။ အဲဒီတော့ သူတို့သားသမီးတွေ ပညာသင်ဖို့ဆိုတာ လုံးဝအခက်အခဲရှိတယ်။ စညှင်းရွာရဲ့ စာသင်ကျောင်းကလည်း ဖွင့်နေပြီဆိုတော့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကတော့ ရွာရဲ့ စာသင်ကျောင်းမှာ ကျောင်းတက်နေကြပြီ ဒါပေမဲ့ အထက်တန်းကျောင်းသားတွေကတော့ ဒီနေ့ အချိန်ထိ ကျောင်းမထားနိုင်သေးဘူး။ မိဘတွေကလည်း ဒုက္ခသည်ဖြစ်နေတဲ့အတွက် သူတို့သားသမီးတွေကို ပညာသင်နိုင်မယ့် အနေအထားလုံး၀ မရှိဘူး”
အဲဒီ စညှင်းစစ်ဘေးဒုက္ခသည်စခန်းမှာ အမ်းမြို့နယ်က ဒလချောင်း၊ အင်ဂြင်း၊ လေသွန်၊ စညှင်း စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁၂၀ ကျော် ခိုလှုံနေတာဖြစ်ပြီး ကျောင်းမတက်နိုင်တော့တဲ့ အထက်တန်း ကျောင်းသား ခုနှစ်ဦးရှိတယ်လို့လည်း ဆိုပါတယ်။
“တချို့လည်း ကျောင်းတက်ဖို့အတွက် မိဘတွေ မတတ်နိုင်တာတွေကြောင့်ပေါ့”
အလားတူ ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း မိသားစု စားဝတ်နေရေးအခက် အခဲတွေကြောင့် ကျောင်းသား ငါးဆယ်ဝန်းကျင် ကျောင်းမထားနိုင်ဘူးလို့ ကူညီဆောင်ရွက်ပေးတဲ့နေ ကျေးရွာရပ်မိရပ်ဖ ဦးမောင်စောဝင်းက ပြောပါတယ်။
“ကျောင်းမတက်တဲ့ အရေအတွက်ကတော့ ဒီစေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှာတော့ ငါးဆယ်ဝန်းကျင် လောက် ရှိတယ်။ ကျောင်းကတော့ တက်ချင်ကြတာပါပဲ။ ဒါပေမဲ့ စားဝတ်နေရေးက ဖြေရှင်းရတာခက် တယ်။ အခုဆိုရင် ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ တစ်နေ့ကို ဆန်နှစ်ဗူးတောင် လူကယ်ပြန်က မပေးတဲ့ အခြေအနေမှာ သူတို့စားဝတ်နေရေး ဖြေရှင်းဖို့အတွက် အလုပ်ထွက်လုပ်ရတာတွေရှိတယ်။ အသက်ငယ် ပေမယ့် လယ်မှာ နွားကျောင်းတာကအစ တစ်နေ့ကို နှစ်ထောင်ရ၊ သုံးထောင်ရ ထွက်လုပ်တာတွေ များတယ်။ အတန်းစုံပါပဲ။ အဲဒီလို စားဝတ်နေရေး ခက်ခဲတဲ့မိသားစုတွေကတော့ ကျောင်းထွက်လိုက်ရတာ များတာပေါ့”
စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ရေစိုးချောင်း၊ အမျက်တောင်၊ မညင်း တောင်၊ ကုလားချောင်း၊ သမီးလှ၊ အိုးဖောက်စတဲ့ကျေးရွာတွေနဲ့ တခြားကျေးရွာတွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု သုံးရာကျော်နဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေက ခိုလှုံနေတာဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာခိုလုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးမောင်မောင်စိုး ကလည်း စစ်ဘေးဒုက္ခသည်စခန်းမှာခိုလုံနေရတာကြောင့် အလုပ်အကိုင်လည်းမရှိသလို ဝင်ငွေလည်း မရှိတဲ့အတွက် သားဖြစ်သူကို ကျောင်းမထားနိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော့်သားကတော့ ကျောင်းက ရှစ်တန်းပါ။ ကျွန်တော့်မှာ ကျွန်တော့သားကို ကျောင်းမထားနိုင် ပါဘူး။ ကြေးရေးငွေရေး မတတ်နိုင်လို့ မသင်ပေးနိုင်တာဖြစ်ပါတယ်။ ထားမယ်ဆိုရင်တော့ မြောက်ဦးတို့ ပန်းမြောင်းတို့ အဆင့်လောက်မှာပဲ ထားရပါမယ်။ ပြီးရင်ငွေက သိန်းတစ်ဆယ်လောက်လိုတယ်။ အဲဒါကိုမတတ်နိုင်လို့ မထားနိုင်တာဖြစ်ပါတယ်။ ရှစ်တန်းရယ်၊ ကိုးတန်းရယ်၊ ဆယ်တန်းရယ် ကျွန်တော် စာရင်းကောက်လို့ ရရှိတာက ဆယ်သုံးယောက် ရှိပါတယ်ဆရာ။ ဒါက မိဘတွေက လုံးဝကျောင်းမထားနိုင် တဲ့ ကျောင်းသားတွေပါ”
အဲဒီလိုပဲ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ မြေပုံစတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေး ဒုက္ခသည်စခန်းတွေမှာလည်း ကျောင်းသားတချို့ ကျောင်းမတက်နိုင်ကြသလို ကျောင်းတက်နေတဲ့ သူတွေမှာလည်း ကျောင်းဝတ်စုံ၊ စာအုပ်နဲ့ တခြားကျောင်းသား အသုံးအဆောင်ပစ္စည်းတွေ အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော် ထွန်းက ပြောပါတယ်ပါ။
အဲဒါကြောင့် သူတို့ကိုကူညီပေးဖို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီမှာ အဓိကတာဝန်ရှိသလို တခြား အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်ပေးသင့်တယ်လို့လည်း ထောက်ပြပါတယ်။
အခုလို စစ်ဘေးဒုက္ခသည်စခန်းက ကျောင်းသားတစ်သောင်းနီးပါးဟာ ငွေကြေးအခက်အခဲကြောင့် ကျောင်း မတက်နိုင်တာနဲ့ ပတ်သက်လို့ ကူညီပေးဖို့ အစီအစဉ်ရှိမရှိ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကို RFA က မေးမြန်ခဲ့ပေမယ့် တစ်စုံတရာ ဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းနဲ့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းကိုလည်း RFA က တယ်လီဖုန်းကနေ ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ဒီနှစ်ကျောင်းဖွင့်ရာသီအတွင် စာသင်ကျောင်းပေါင်း သုံးထောင့်သုံးရာကျော်မှာ (၃၃၀၉) မှာ ကျောက်တက်သူဦးရေ လေးသိန်းလေးသောင်းကျော် (၄၄၂၉၈၆) ဦးရှိပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် စာသင်ကျောင်းပေါင်း ၁၂၈ ကျောင်းဟာလည်း ဒီကနေ့အထိ မဖွင့်နိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခတွေကြောင့် လည်း အိုးအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခုနှစ်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာအသီးသီးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်၊ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။
https://www.rfa.org/burmese/news/rakhine-refugees-06252021042548.html