ရခိုင်ကျောင်းသား ၄ ဦးကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အမှုတွင် သက်သေများစစ်ဆေးပြီးစီး၊ ဘေး/စီ/မံအမှုတွင် လိုပြသက်သေတစ်ဦးသာ စစ်ဆေးရန်ကျန်ရှိ

By Development Media Group (DMG)/ June 25

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသား ၄ ဦးကို ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲဆိုထားသည့်အမှု၌ တရားလိုအပါအဝင် သက်သေ ၆ ဦး စလုံးကို စစ်ဆေးပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယင်းပုဒ်မနှင့် ပတ်သတ်ပြီး လာမည့် ဇူလိုင်လ ၂ ရက်နေ့တွင် လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွတ်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

“ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုမှာ ဒီနေ့ သက်သေတွေကုန်ပြီ။တရားလိုအပါအဝင် သက်သေကို အားလုံး၆ ယောက်ပေါ့။ လာမယ့် ၂ ရက်နေ့မှာ လျှောက်လဲချက်ပေးမယ်”  ဟုသူက ဆိုသည်။

အလားတူ ကျောင်းသားလေးဦး တရားစွဲဆိုခံထားရသည့် ဘေး/စီ/မံ ဥပဒေပုဒ်မ(၂၉) တွင် တရားလို သက်သေ ဒု-ရဲအုပ် ဦးထွန်းထွန်းကို ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး လိုပြသက်သေ တစ်ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ ကြောင်း ဦးလှအောင်သိန်းက ပြောသည်။

“ ဘေးစီမံနဲ့စွဲထားတဲ့အမှုမှာကျတော့တရားလိုအပါအဝင် သက်သေက အားလုံးပေါင်း ၈ ယောက်ရှိတယ်။ ရ ယောက်စစ်ဆေးပြီးပြီ။ အမှုစစ်(ရဲအုပ် တင်လင်းမောင်) တစ်ယောက်ကို လာမယ့် ၂ ရက်နေ့မှာ စစ်ဆေးဖို့ ကျန်တော့တယ်”  ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး အောက်တိုဘာ ၂၀၂၀ ခုနှစ် ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့့်အချက်များကို တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရခိုင်ပြည်အတွင်းဖြစ်ပွားနေသည့် စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးမှာလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည်။

https://www.facebook.com/dmgnewsagency/posts/2046276542191413

Leave a Reply

Your email address will not be published.