ရက္ခိုင့်တပ်တော် (AA)က နှစ်ရက်အတွင်း ပြန်လွှတ်ပေးသူ ၂၃ ယောက်ရှိ (ရုပ်/သံ)

By Narinjara/ 2021 June 18

ရက္ခိုင့်တပ်တော် (AA)က ပြန်လွှတ်ပေးလိုက်တဲ့ ၂၃ ယောက်ထဲက ၁၇ ယောက်ကို ဇွန်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်က ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာမှာ AA က တပ်မတော်ဘက်ကိုလွှဲပြောင်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၇ ယောက်ထဲမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၄ ယောက်ပါဝင်ပါတယ်။ ကျန် ၃ ယောက်ကတော့ စစ်မျက်နှာအသီးသီးကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးပိုင်းတွေဖြစ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

နောက်ပြီး အရာရှိတချို့ပါဝင်တဲ့ တပ်မတော်သား ၆ ယောက်ကိုလည်း ဇွန်လ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာမှာ တပ်မတော်ဘက်ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

ဦးခိုင်သုခ (ပြောရေးဆိုခွင့်ရှိသူ၊ ရက္ခိုင့်တပ်တော်)“ပြောရမယ်ဆိုရင် ဒီ ရွှေနဒီဖြစ်စဉ်မှာ ကျန်နေသေးတဲ့သူတွေအားလုံးကို တစ်ယောက်မကျန် လွှတ်ပေးလိုက်ပြီဖြစ်တယ်။ ကျနော်တို့လက်ထဲမှာ ရွှေနဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့သူ တစ်ယောက်မှ မကျန်တော့ဘူး။ ဆိုတော့ စုစုပေါင်းလိုက်လို့ရှိရင် မနေ့ကနဲ့ ဒီနေ့ပေါင်းရင် အားလုံး ၂၃ ယောက်ပါ။ ဒါက အပြုသဘောဆောင်တဲ့ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ ကျနော်တို့ဘက်ကလည်း ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်ဗျ။”

အခုလွှတ်ပေးခဲ့သူ ၂၃ ယောက်ထဲမှာ တပ်မတော်အရာရှိတွေနဲ့ ရဲဝန်ထမ်းတွေအပြင် အကျဉ်းဦးစီးဌာနက ဝန်ထမ်းတချို့ပါဝင်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေတာ အခုဆိုရင် ၇ လရှိပါပြီ။ ဒီကြားထဲ AA နဲ့ တပ်မတော်ဘက်က အရာရှိတချို့ လူချင်းတွေ့ဆုံဆွေးနွေးခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားရာကနေ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ နစကအစိုးရက ပယ်ဖျက်ပေးခဲ့ပါတယ်။

နောက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ၊ ညီမနဲ့ ယောက်ဖတို့အပါအဝင် အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ဖမ်းဆီးခံထားရသူအများအပြားကို နစကအစိုးရက လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် AA ဘက်ကလည်း သူတို့ဖမ်းဆီးထားသူတွေကို အခုလို လွှတ်ပေးလာတာဖြစ်ပါတယ်။

https://www.facebook.com/narinjara.info/posts/4420226737989369

Leave a Reply

Your email address will not be published.