By Western News/ 2021 June 6
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် မိခင်ဖြစ်သူနှင့် အတူနေထိုင်သည့် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဇွန်လ ၄ ရက် ညဉ့် ၁၀ နာရီအချိန်ခန့်က အဓမ္မပြုကျင့်ခံရကြောင်းသိရသည်။
အဓမ္မပြုကျင့်ခံရသည့် မ—— အသက် ၉ နှစ်အရွယ်အမျိုးသမီးငယ်မှာ ဇွန်လ ၄ ရက်နေ့က အဓ္ဓမပြုကျင့်ခဲ့သူ၏ သမီးဖြစ်သူနှင့် အတူအိပ်နေစဉ် မုန့်ဝယ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု ပီပင်ရင်းစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးအောင်ကျော်က ပြောသည်။
“သူတို့သားအမိကတော့ အရင်က ကုလားချောင်းစစ်ဘေးရှောင်စခန်းမှာနေခဲ့တာ။ ဒီမှာပြောင်းနေတာကတော့ သိပ်မကြာသေးဘူး။ ဒီမှာက ဆွေမျိုးတွေလည်းရှိတယ်။ ဖြစ်ပုံကတော့ ပြုကျင့်ခဲ့သူရဲ့သမီးနဲ့ ပြုကျင့်ခံရတဲ့ကလေးမနဲ့က အတူတူအိပ်နေတာ။ ဆိုတော့ သူ့ကို မုန့်ဝယ်ပေးမယ်။ ပိုက်ဆံပေးမယ်ဆိုပြီးတော့ ခေါ်သွားတယ်လို့ပြောတယ်။ စခန်းအပြင်မှာ ပြုကျင့်ခဲ့တယ်လို့ပြောတယ်”ဟုပြောသည်။
အဓမ္မပြုကျင့်ခဲ့သူ ကျော်လှိုင်မိုး အသက် ၃၅ နှစ်မှာ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာဇာတိဖြစ်ပြီး ပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်နှင့် ဆွေမျိုးတော်စပ်ကြသလို လက်ရှိအချိန်တွင် ပီပင်ရင်းစခန်းတွင်နေထိုင်ကာ ဆေးဆရာတစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်ဆေးကုသမှုခံယူနေသည့် တိမ်ညိုတိုက်နယ် ဆေးရုံ ဆရာဝန် ဒေါက်တာ ဇော်လှိုင်ဦးအား ဆက်သွယ်ရာ အဆိုပါအမျိုးသမီးငယ်၏ မိန်းမကိုယ်အင်္ဂါတွင်း ပွန်းပဲ့ဒဏ်ရာများတွေ့ရှိရပြီး ဆေးစစ်ဆေးချက်အား ရန်ကုန်သို့ပို့ဆောင်ထားကြောင်း Western News ကိုပြောသည်။
“ကလေးကတော့ သိပ်ဆိုးဆိုးရွားရွားတော့မဟုတ်ဘူး။ ကျနော်တို့ဆေးပညာအရဆိုရင်တော့ ပွန်းရာ ပဲ့ရာတွေတော့ရှိတယ်။ ထိုးသွင်းဒဏ်ရာတွေတွေ့ရှိရတယ်။ ကျနော်တို့ကတော့ လက်ရှိမှာ မိန်းမကိုယ်ထဲက အရည်ကိုယူပြီးတော့ ရန်ကုန်ကိုပို့ထားတယ်။ ဆိုတော့ အဲဒီကအဖြေရမှဘဲ ဟုတ်မဟုတ်ကို အတိအကျပြောလို့ရမှာဖြစ်တယ်”ဟုပြောသည်။
ယင်းဖြစ်စဉ်ပတ်သက်၍ မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။ လက်ရှိအချိန် အဆိုပါအမျိုးသမီးငယ်မှာ တိမ်ညိုတိုက်နယ်ဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိပြီး အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးထားကြောင်း ပီပင်ရင်းစစ်ဘေးရှောင်စခန်းက ပြောသည်။
https://www.facebook.com/westernnewsagency/posts/305128501293661