By Western News/ 2021 June 16
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရက်ချောင်းလေးတောင်ကျေးရွာတွင် အထက်တန်းပညာသင်ကြားနေသည့် ကျောင်းသားများမှာ မိုးတွင်းကာလ ကျောင်းသို့ သွားလာရသည့်ခရီးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရွာသာများ၏ ပြောကြားချက်အရသိရသည်။
အဆိုပါလေးတောင်ကျေးရွာတွင် မူလတန်းအဆင့်ကျောင်းသာရှိပြီး အထက်တန်းကို ရွာ၏ တစ်ဖက်ကမ်းရှိ ရက်ချောင်းရွာသို့ လှေများဖြင့် ကူး၍သွားတက်ရကြောင်း၊ မိုးတွင်းကာလာတွင် ရေစီးအလွန်သန်၍ လောင်းလှေများ ကျိုးပျက်မှုနှင့်လည်း ကြုံတွေ့ရကြောင်း ကျေးရွာ၏ ဥက္ကဋ္ဌ ဦးမောင်စောတင်ကWestern News ကိုပြောသည်။
“ရွာမှာက မူလတန်းလောက်ပဲရှိတော့ အထက်တန်းတက်နေတဲ့ကျောင်းသားတွေက တစ်ဖက်ရွာကိုလှေနဲ့ကူးပြီး ကျောင်းတက်ကြ ရတယ်။ မိုးရာသီကျရင် ရေစီးကတအားသန်တော့ သွားရေးလာရေးတော်တော်အန္တရာယ်များတယ်။ လမ်းခရီးကအသက် အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေထိရှိတယ်။ တစ်ခါတစ်ခါဆို ချောင်းကူးနေရင်းလှေတွေ ကျိုးပျက်သွားတာမျိုးအခါခါကြုံရတယ်။ လူအထိခိုက်သာမရှိသေးတာပါ” ဟုဆိုသည်။
ယခုနှစ် ၅ လ ပိုင်းလောက်တွင် ရွာသို့ တံတားဆောက်ရန်ဟု ဆောက်လုပ်ရေးအဖွဲ့များရောက်ရှိလာပြီး ပြင်ဆင်မှု များရှိခဲ့သော်လည်း မိုးရွာသွန်းမှုအခြေအနေများကြောင့် ပြန်လည်ရုပ်သိမ်းသွားပြီး ပြန်လာဆောက်မည်ဟုသာ ပြောသွားကြောင်း ဥက္ကဋ္ဌ မှဆက်ပြောသည်။
ချောင်းမကူးဘဲ တစ်ခြားတစ်ဖက်မှ သွားလျှင် တစ်နာရီခန့်ကြာပြီး လမ်းခရီးလည်းမကောင်းကြောင်း၊ မိုးကြီးရေလျှံ သောရက်များဆိုလျှင် သားသမီးများအားကျောင်းသို့မလွှတ်ရဲကြောင်း ၎င်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ် သူ ဒေါ်ဆန်းဆန်းဝင်းမှပြောသည်။
“ကျမသမီးက ဒီနှစ် ၁၀ တန်းတက်နေတာပါ။ ကျောင်းကိုသွားရတဲ့ လမ်းခရီးတွေကမကောင်းတော့ မိုးအရမ်းကြီး တဲ့ ရက်တွေဆို သမီးကိုကျောင်းမလွှတ်ရဲဘူး။ ချောင်းမကူးဘဲတစ်ခြားတစ်ဖက်က သွားရင်လည်း တစ်နာရီ လောက်ကြာတယ်။ ပြီးတော့လမ်းလည်း မကောင်းဘူး။ ခုလိုဖြစ်နေတော့ ကလေးတွေပညာရေးက လမ်းခရီးအခက် ခဲကြောင့် နစ်နာမှုဖြစ်ရတယ်ပေါ့နော်” ဟုဆိုသည်။
လေးတောင်ကျေးရွာမှ ရက်ချောင်းကျေးရွာသို့ ကျောင်းသွားတက်ရောက်ရသည့် ကျောင်သားဦးရေမှာ ၁၀၀ ကျော်ခန့်ရှိကာ ပဥ္စမတန်း၊ ဆဋ္ဌမတန်း၊ စတုတ္ထတန်း၊ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း တက်ရောက်နေ ကြသောကျောင်းသူများဖြစ်ကြပြီး လှေဖြင့်ဖြတ်ကူးရာတွင် ကျောင်းသားများအနေဖြင့် Life Jacket (အသက်ကယ်အင်္ကျီ) များဝတ်ဆင်ထားမှုလည်းမရှိပေ။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၌ ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂေါရွာမှနေ၍ ပိုးရွီပြင်ကျေးရွာသို့ လောင်းလှေများဖြင့် သွားရောက်ကာ ကျောင်းတက်ကြရသည့် ကျောင်းသားများ လှေနစ်မြုပ်ကာ ကျောင်းသူ ၆ ဦးနှင့် ကျောင်းသား ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။ ယင်းအပြင် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ် တို့တွင်လည်း အလားတူအဖြစ် အပျက်များဖြစ်ပျက်မှုရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/311470050659506