မြေကျင်းထဲ မြှုပ်နှံခံလိုက်ရတဲ့ အမှန်တရားတွေ

By Development Media Group (DMG)/ June 29

(ဆောင်းပါး)

အနီရောင်ဆေးခြယ်ထားတဲ့ အရွယ်တူ အုတ်ဂူသုံးခုဟာ တစ်ခုနဲ့တစ်ခုနီးကပ်စွာနဲ့ ကျေးရွာသုဿန်မြေပေါ်က ကုန်းမြင့်လေးထက်မှာ ထင်ရှားစွာတည်ရှိနေပါတယ်။ အုတ်ဂူတစ်ခုချင်းစီရဲ့ ရှေ့မျက်နှာစာမှာတော့ အပြာရောင်ကို တစ်ပေကျော်ပတ်လည်ခြယ်သကာ အပေါ်က အဖြူရောင်စာလုံးတွေနဲ့ သေဆုံးသူတွေရဲ့ အမည်၊ အသက်တွေကို မြင်သာအောင်ရေးသားထားပါတယ်။

ဒီအုတ်ဂူထဲတွေမှာ မြှုပ်နှံခံထားရသူတွေဟာ ပထမတစ်ကြိမ်လည်း မြေကျင်းထဲ မြှုပ်နှံခံရဖူးပြီးပါပြီ။ ဒါပေမယ့် အခုလို အုတ်ဂူတွေနဲ့မဟုတ်သလို နာမည်တွေ၊ အသက်တွေလည်း မထိုးထားခဲ့ပါဘူး။ ဒီထက် ဆိုးတာက မြေကျင်းသုံးခုထဲ မြှုပ်နှံခံရတာမဟုတ်ဘဲ မြေကျင်းတစ်ကျင်းမှာ နှစ်ယောက်နဲ့ နောက်တစ်ကျင်းမှာတစ်ယောက် မြှုပ်နှံခံခဲ့ရတာပါ။

ဒုတိယအကြိမ်မြှုပ်နှံရာမှာတော့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက သူတို့သုံးဦးရဲ့ အလောင်းတစ်ခုစီကို မြေကျင်းတစ်ခု၊ အုတ်ဂူတစ်ခုနဲ့ ဆေးရောင်တွေလည်း ခြယ်သပေးထားပါပြီ။

ဒီအုတ်ဂူသုံးခုဟာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်က မင်းရွာအမည်ရှိတဲ့ ကျေးရွာရဲ့ သုဿန်မှာရှိနေတာပါ။ အုတ်ဂူတွေထဲမှာ သေဆုံးသွားသူသုံးဦးဟာ အဲဒီကျေးရွာလေးမှာ ကိုယ့်မိသားစုနဲ့ကိုယ် အခြေချနေထိုင် နေခဲ့ကြသူတွေဖြစ်သလို တစ်ဦးနဲ့တစ်ဦးဟာ အိမ်နီးချင်းတွေလည်း ဖြစ်ကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်နေချိန်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ မင်းရွာကျေးရွာရဲ့ အရှေ့ဘက်တစ်နာရီလောက်ဝေးတဲ့ တောထဲကို ထင်းရှာသွားရာကနေ သူတို့သေဆုံးဖို့ အစပြုခဲ့တာပါ။

မတ်လ ၂၄ ရက်နေ့မှာ ထင်းရှာသွားခဲ့တဲ့ မင်းရွာကျေးရွာက ဦးသန်းကျော် ၄၈ နှစ်၊ ဦးစောလှထွန်း ၅၀ နှစ်၊ ဦးသန်းထွန်းအောင် ၅၀ နှစ်တို့ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့တဲ့အခါ မြန်မာစစ်သားတွေက ဖမ်းဆီးသွားတယ်ဆိုတဲ့အကြောင်း သတင်းစကားကြားခဲ့ကြပါတယ်။

ဒါပေမယ့် ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရတာကတစ်ကြောင်း၊ တိုက်ပွဲကာလဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုတွေက သူတို့သုံးဦးကိုလိုက်ရှာဖို့ အခွင့်မသာခဲ့ပါဘူး။ တိုက်ပွဲကာလအတွင်းမှာ သံသယရှိသူတွေကို တပ်မတော်ဘက်က မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေရှိတာကြောင့် အပြစ်မရှိရင် သူတို့တွေပြန်လွတ်လာလိမ့်မယ်လို့ မိသားစုက မှတ်ယူခဲ့ကြပါတယ်။

သူတို့သုံးဦးပျောက်ဆုံးသွားပြီး ကိုးလခန့်အကြာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှာ ခွဆုံကျေးရွာရဲ့ အနောက်ဘက်တောင်တန်းတစ်နေရာမှာ မြှုပ်နှံထားတဲ့ လူသုံးဦးရဲ့အရိုးတွေကို ခွဆုံကျေးရွာသားတွေက တွေ့ရှိခဲ့ကြပါတယ်။

အရိုးကျနေပြီဖြစ်တဲ့ အဲဒီရုပ်အလောင်းတွေပေါ်မှာ တွေ့ရတဲ့အဝတ်အစား၊ အသုံးအဆောင်တွေဟာ မင်းရွာ ကျေးရွာသားသုံးဦး ထင်းခုတ်သွားတဲ့နေ့က ဝတ်ဆင်သွားတဲ့အဝတ်အစားတွေဖြစ်နေတာကြောင့် ဒီရုပ်အလောင်းသုံးခုဟာ မင်းရွာကျေးရွာသားတွေပဲလို့ မိသားစုဝင်တွေက လက်ခံခဲ့ကြပါတယ်။

သေဆုံးသွားတဲ့ ဦးသန်းကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းမြရီက ပြောပြတာက “အလောင်းကိုကျတော့ နှစ်ယောက်ကို တွင်းတစ်တွင်းထဲမှာ မြှုပ်ထားတယ်။ တခြားတစ်ယောက်ကိုကျတော့ တစ်ယောက်တည်း သီးသန့်မြှုပ်ထားတယ်”

ဒါဟာ ဦးသန်းကျော်၊ ဦးစောလှထွန်းနဲ့ ဦးသန်းထွန်းအောင်တို့အတွက် ပထမအကြိမ် မြေမြှုပ်ခံခဲ့ကြရခြင်းပဲ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့အရိုးတွေကို မင်းရွာကျေးရွာဆီသယ်ယူလာပြီးတော့ ကျေးရွာသုဿန်မှာ ဒုတိယ အကြိမ်မြှုပ်နှံပြီး အုတ်ဂူသုံးခုကို ညီညာစွာနဲ့ ပြုလုပ်ပေးထားပါတယ်။

အခုလို အိမ်ထောင်ဦးစီးဖြစ်သူတွေ သေဆုံးသွားတဲ့နောက်မှာ ကျန်ခဲ့တဲ့ မိသားစုဘဝတွေဟာလည်း ယိုင်လဲ သွားခဲ့ရပါတယ်။

ဦးသန်းကျော်မရှိတော့တဲ့နောက် ဇနီးဖြစ်သူ ဒေါ်သန်းမြရီတစ်ယောက် သမီးသုံးယောက်၊ သားတစ်ယောက်နဲ့ ဘဝကိုရုန်းကန်လာခဲ့တာဟာ အခုဆိုရင် တစ်နှစ်ကျော်ဆိုတဲ့ အချိန်ကာလကို ရောက်ရှိလို့လာခဲ့ပါပြီ။ လက်ရှိမှာ ဒသမတန်းတက်ရောက်မဲ့ သမီးငယ်နဲ့ စတုတ္ထတန်းတက်ရောက်မဲ့ သားလေးကို ပညာ ဆက်လက်သင်ကြားနိုင်ဖို့အတွက် ဒေါ်သန်းမြရီတစ်ယောက် မတတ်စွမ်းနိုင်တော့ပါဘူး။

“အိမ်ထောင်ဦးစီးဖြစ်တဲ့ လင်ယောကျ်ားသေဆုံးသွားတော့ လုပ်စားစရာလဲမရှိတော့ဘူး။ သားတစ်ယောက်၊ သမီးတစ်ယောက် ကျောင်းတက်နေတာကို အခုကျွန်မ မသင်ပေးနိုင်တော့ဘူး။ ကျွန်မသမီးကို ဆယ်တန်း ပညာသင်ကြားဖို့ဆိုတာ သိန်း ၁၀ ၊ ၂၀ ကုန်ကျမယ်။ ကျွန်မဘယ်ကရှာလို့ရမလဲ”

နောက်ထပ် ယိုင်လဲသွားရတဲ့မိသားစုကတော့ သေဆုံးသွားတဲ့ ဦးစောလှထွန်းရဲ့ မိသားစုပါ။ ဦးစောလှထွန်း မရှိတော့တဲ့နောက်မှာ ဇနီးဖြစ်သူ ဒေါ်မကျော်ဦးဟာ မလုပ်တတ်မကိုင်တတ်တာကြောင့် ဒသမတန်း တက်ရောက်မယ့်သားဖြစ်သူကို ရင်နာနာနဲ့ကျောင်းကထုတ်ပြီး လုပ်ငန်းခွင်ကို တွန်းပို့လိုက်ရပါတော့တယ်။

“ကျွန်မသားက အရွယ်တောင်မရောက်သေးဘူး။ အခုမှ ၁၇ နှစ်ပဲရှိသေးတယ်။ ၁၇ နှစ်အရွယ်က အလုပ်ကြမ်းကို ဘယ်လိုလုပ်နိုင်မှာလဲ။ အမေဖြစ်သူမှာ ရင်နာရတယ်။ သူ စက်ရုံမှာလုပ်နေရင် ညဥ့်နက်မှ ရောက်တယ်။ ဘယ်အချိန်ပြန်လာမှာလဲ စိတ်ပူပန်နေရတယ်”

ဒေါ်မကျော်ဦးတစ်ယောက် သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေရပေမယ့် ဖခင်ဖြစ်သူမရှိတော့တဲ့နောက် ဖခင်ရဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ခိုင်ကျော်ထွန်းရဲ့ တစ်နေ့လုပ်အားခ ၃၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်အထိရရှိတဲ့ဝင်ငွေနဲ့ အမေတစ်ခု သားတစ်ခုဘဝကို ဖြတ်ကျော်နေပါတယ်။

မင်းရွာကျေးရွာသားသုံးဦးလိုပဲ မင်းပြားမြို့နယ်၊ သင်းပုန်းချောင်းကျေးရွာသား နှစ်ဉီးဟာလည်း နှစ်ခါပြန် မြှုပ်နှံခံခဲ့ရသူတွေဖြစ်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းမြင့်နဲ့ အသက် ၃၂ နှစ်အရွယ် ဦးဝင်းမောင်တို့နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့က ငါးမွေးမြူရေးခြံသို့ ဆိုင်ကယ်နဲ့သွားရာ ကနေ ပျောက်ဆုံးသွားခဲ့တာပါ။

ဧပြီလ ၂၆ ရက်နေ့မှာတော့ ရန်ကုန်-စစ်တွေကားလမ်းအနီးက ကြက်ယက်စေတီတောင်ပေါ်မှာ မြှုပ်နှံထားတဲ့ အလောင်းနှစ်လောင်းကို ဒေသခံတွေကတွေ့ရှိခဲ့ရပါတယ်။ အဲဒီတောင်ပေါ်မှာ မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခဲ့ပြီးတော့ မြန်မာစစ်သားတွေပြန်သွားတဲ့အခါ တောင်ပိုင်ရှင်က သွားကြည့်ရာမှာ အလောင်းတွေကို တွေ့ရှိ ခဲ့တာလို့ ဆိုပါတယ်။

အလောင်းနှစ်လောင်းမှာ တစ်လောင်းကိုတော့ ကတုတ်ကျင်းထဲမြှုပ်နှံခဲ့သလို နောက်တစ်လောင်းကိုတော့ အဲဒီနေရာနဲ့ မနီးမဝေးမှာ မြေမြှုပ်ထားခဲ့တာပါ။ အဲဒီအလောင်းတွေဟာလည်း ပျောက်ဆုံးသွားတဲ့ သင်းပုန်းချောင်းကျေးရွာသားတွေ ဖြစ်နေလေတော့ နောက်ထပ်မိသားစုဘဝတွေ ပြိုလဲခဲ့ရပြန်ပါတယ်။

ဦးမောင်သန်းမြင့် နေအိမ်ကထွက်သွားစဉ်က ဝတ်ဆင်သွားခဲ့တဲ့ အဝတ်အစားတွေဟာ အလောင်းပေါ် ရှိနေ သေးတာကြောင့် မိသားစုဝင်တွေက မှတ်မိခဲ့ကြတာပါ။ အလောင်းတွေကို တွေ့ရှိတဲ့နေတဲ့နေရာဟာ မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခဲ့တဲ့နေရာဖြစ်တာကြောင့် သူတို့နှစ်ဦးသေဆုံးမှုမှာ မြန်မာစစ်သားတွေအပေါ် သံသယရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“အရိုးနဲ့ အဝတ်ကိုတွေ့တယ်။ အရိုးရတဲ့နေရာက မြန်မာ့တပ်မတော်က ယာယီစခန်းချပြီးနေခဲ့တဲ့ နေရာ။ စစ်တပ်အသုံးအဆောင်တွေကိုလည်း အဲဒီနေရာမှာတွေ့ရတယ်” လို့ သေဆုံးသူ ဦးမောင်သန်းမြင့်ရဲ့ဇနီး ဒေါ်ညိမ်းမေက ပြောပြပါတယ်။

ဦးမောင်သန်းမြင့်ဟာ သူ့ရဲ့သားတွေကို ရှင်ပြုရဟန်းခံတဲ့ အလှူလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းထားခဲ့ပေမယ့် သူ့မြင်ချင်ခဲ့တဲ့ သင်္ကန်းဝတ်ထားတဲ့သားတွေကို မမြင်တွေ့ခဲ့ရတော့ပါဘူး။ သူ့ဟာ ဘွဲ့ရပြီး သားတစ်ယောက်၊ ဆယ်တန်းအောင်ထားတဲ့ သားတစ်ယောက်နဲ့ အဌမတန်းတက်ရောက် နေတဲ့ သမီးတစ်ယောက်တို့ကို ဇနီးဖြစ်သူ ဒေါ်ညိမ်းမေနဲ့ ချန်ထားခဲ့ပါတော့တယ်။

အခုလိုအခြေအနေမျိုးမှာ လင်ယောကျ်ားသတ်ဖြတ်ခံလိုက်ရတဲ့အပေါ် “မကျေနပ်ဘူး” လို့ ဒေါ်ညိမ်းမေက ပြတ်သားစွာ ပြောလိုက်ပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်က “တိုက်ပွဲကာလအတွင်းမှာ သားသမီးဆုံးခဲ့တယ်၊ မိဘတွေဆုံးခဲ့တယ်၊ အဲဒီလူတွေရဲ့စိတ်ထဲမှာ ဒီနေ့ထိ နာကျဉ်းချက်တွေ ရှိနေတယ်။ သို့သော် တိုက်ပွဲကိုနာကျဉ်းတာမဟုတ်ဘူး။ လုပ်သွားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီးနာကျဉ်းတဲ့ အနေအထားကိုတွေ့ရတယ်” လို့ ဆိုပါတယ်။

တကယ်တော့ အမှန်တရားတွေ ပျောက်ဆုံးလာတဲ့အခါ နာကျဉ်းစိတ်ဟာ ကြီးစိုးလာတာပါပဲ။ မင်းရွာ ကျေးရွာသား သုံးဦးနဲ့ သင်းပုန်းချောင်းကျေးရွာသား နှစ်ဦးတို့ သတ်ဖြတ်ခံရတဲ့ကိစ္စကို ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တင်ပြ တိုင်ကြားခဲ့ပေမယ့် ဘာမှထူးခြားမလာခဲ့ပါဘူး။ မင်းပြားမြို့နယ် ရဲစခန်းမှာလည်း ဒီလူသေဆုံးမှုတွေကို တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ လက်သည်မပေါ်တဲ့အမှု ဖြစ်လို့နေပါတယ်။

မင်းရွာကျေးရွာသား သုံးဦးနဲ့ သင်းပုန်းချောင်းကျေးရွာသား နှစ်ဦးတို့သတ်ဖြတ်ခံရတဲ့ အမှန်တရားတွေဟာ သူတို့တွေနဲ့အတူ မြေမြှုပ်ခံလိုက်ရပြီလား…။ မင်းရွာကျေးရွာရဲ့ သုဿန်မြေပေါ်က အနီရောင်ဆေးခြယ် ထားတဲ့ အုတ်ဂူသုံးခုကတော့ ဒီအမှန်တရားတွေပေါပေါက်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

သူရိန် ရေးသားသည်

https://www.facebook.com/dmgnewsagency/posts/2049403671878700

Leave a Reply

Your email address will not be published.