မြစ်ကမ်းပါးပြိုကျမှုကို ကုန်ဘွေကျေးရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာကွယ်နေရ

By Development Media Group (DMG)/ June 20

ကျောက်ဖြူမြို့နယ် ကုန်ဘွေကျေးရွာတွင် ဒီရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုကို ကြုံတွေ့နေရသည်မှာ ၁၀ စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ကမ်းပါးပြိုကျမှုကို ထိန်းသိမ်းရန် အစိုးရဘက်မှ တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိသည့်အတွက် ကျေးရွာသားများအနေဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာကွယ်နေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း ဆိုသည်။

သို့သော် ကျေးရွာသားများပြုလုပ်သည့် ကမ်းထိန်းနံရံမှာ ဝါးများဖြင့်ပြုလုပ်ခြင်းဖြစ်သဖြင့် ခိုင်ခံမှုမရှိဘဲ နှစ်စဉ် ပြုပြင်နေရခြင်းကြောင့် ငွေကြေးအခက်အခဲများရှိလာနေသည်။

ကျေးရွာဒေသခံ ကိုအောင်မြင့်စိုးက “ဝါးတွေမလုံလောက်ဘူး။ လူတွေကလည်းကျပ်တည်းကြတော့ အိမ်တစ်အိမ်က ငွေတစ်သောင်းကောက်မယ့် နေရာမှာ စေတနာပေါက်ထည့်ဝင်ငွေနဲ့ပဲ လုပ်နေရတယ်” ဟု ပြောသည်။

တစ်ဖက်မှာလည်း ကမ်းပါးပြိုကျမှုသည် လူနေအိမ်များနှင့် နီးကပ်လာနေသည့်အတွက် လူနေအိမ်များအတွက် စိုးရိမ်စရာဖြစ်လာနေပြီး နေအိမ်များ ရွှေ့ပြောင်းနေထိုင်ရန်မှာလည်း မဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ယခင်က မြစ်ကမ်းနှင့် လူနေအိမ်များရှိသည့်နေရာမှာ ပေ ၂၀၀ ကျော်မျှ ကွာဝေးသော်လည်း ကမ်းပါး ပြိုကျမှုများ နှစ်စဉ်ဖြစ်လာသည့်အခါ လူနေအိမ်များနှင့် တဖြည်းဖြည်းနီးကပ်လာနေသည်။

ဒေသခံ ဦးမောင်သောင်းက “ ပင်လယ်ကလှိုင်းလေနဲ့လာရင် ဒီကမ်းအောက်ကတားဆီးမှုမရှိဘူးဆိုရင် ဘယ်နေ့ပြိုကျမယ်မပြောနိုင်ဘူး။ ပေ ၃၀ လောက်မြင့်တဲ့ ဒီကမ်းထောင့်အောက်ကနေ ပင်လယ်ရေ တိုက်စားလို့ရှိရင် အပေါ်ကနေအိမ်တွေ ပြိုကျသွားမှာပဲ။ ဒီအနီးကနေအိမ်တွေကတော့ ညမအိပ်ရဲကြဘူး”

ကမ်းပါးပြိုကျမှုဖြစ်ပွားနေသည့် ကုန်ဘွေကျေးရွာမှ ဘောလုံးကွင်းရပ်ကွက်တွင် အိမ်ခြေ ၂၅၀ ၊ လူဦးရေ ၁၃၀၀ ကျော်နေထိုင်လျက်ရှိပြီး လက်ရှိမြစ်ကမ်းပါးပြိုကျမှုမှာ အလျားပေ ရဝဝ ကျော်အထိရှိကြောင်း သိရသည်။

ယင်းအပြင် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင်ပါဝင်ပြီး အစိုးရမှ ကျေးရွာသစ်အဖြစ် စီစဉ်ဆောင်ရွက်ပေးထားသော ပုရစ်နှင့် ရေကောက်ကျေးရွာတို့တွင် မိုးရွာသွန်းခြင်းကြောင့် မြေပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2042333159252418

Leave a Reply

Your email address will not be published.