By Development Media Group (DMG)/ June 4

ရခိုင်ပြည် မောင်တောမြို့နယ် အောင်ဇေယျကျေးရွာရှိ ရေကန်၌ တောဆင်ရိုင်း ၄ ကောင် ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့များဖြင့်နှစ်မြှုပ်လျှက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အောင်ဇေယျကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက “ဟုတ်ပါတယ်။ ဘယ်လိုက ဘယ်လိုရေကန်ထဲ ကျသွားသလဲတော့မသိဘူး။ ဒီနေ့မနက် ဆင်အော်သံတွေကြားလို့ သွားကြည့်ကြတော့မှ တောဆင်ရိုင်း ၄ ကောင် နွံနှစ်နေတာတွေ့ရတာပါ။ ” ဟု ပြောသည်။
အဆိုပါ နွံနှစ်လျှက်ရှိသော တောဆင်ရိုင်း ၄ ကောင်မှာ အကြီး ၂ ကောင်နှင့် အငယ်၂ ကောင်ဖြစ်ပြီး ရေကန်မှာ သဲမြေဖြစ်သည့်အတွက် သူတို့ခြေထောက်နှင့်ချိတ်၍ တက်ရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံရွာသားများက ဆိုသည်။
ယင်းတောဆင်ရိုင်း ၄ ကောင် နွံနှစ်နေခြင်းနှင့်ပတ်သတ်ပြီး မောင်တောမြို့နယ်သစ်တောဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က ” ကျွန်တော်တို့ အခုဆောင်ရွက်နေကြပါတယ်။ သူတို့ကုန်းပေါ်ရောက်ရှိဖို့ နည်းမျိုးစုံသုံးပြီး ကြိုးပမ်းသွားမှာပါ” ဟု ပြောသည်။
ယခု ကန်ထဲတွင် နွံနှစ်နေသည့် တောဆင်ရိုင်း ၄ ကောင်မှာ ၇ ကောင်အုပ်စုထဲကဖြစ်ပြီး ကျန် ၃ ကောင်မှာ ကန်အပေါ်တွင်ရှိနေ၍ ယင်း ၄ ကောင်အား ကယ်ဆယ်ပြီးပါက အပေါ်ရှိ ၃ ကောင်နှင့် ပြန်လည်ပေါင်းစည်းကာ လွှတ်ပေးသွားမည်ဟု ဦးမိုးမြင့်ဇော်က ပြောသည်။
တောဆင်ရိုင်းများ နွံနှစ်နေသောရေကန်မှာ အနက် ပေ ၂၀ ကျော်ရှိပြီး ကန်ပတ်လည်မှာ ပေ ၁၀၀ ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် တောတောင်များ ထူတပ်သဖြင့် တောရိုင်းတိရစ္ဆာန်ပေါများပြီး တောဆင်ရိုင်း ရာနှင့်ချီရှိကြောင်းနှင့် ရံဖန်ရံခါ တောဆင်ရိုင်းကြောင့် လူသေဆုံးမှုများရှိနေသည်။ ယင်းအပြင် လူကြောင့်လည်း တောဆင်ရိုင်းများမှာ သေဆုံးမှုများရှိသည်ဟု ဒေသများက ပြောသည်။
တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ဆင်များကို ဖမ်းဆီးခွင့်နှင့် သတ်ဖြတ်ပိုင်ခွင့်မရှိကြောင်း၊ ဘေးမဲ့ထားရကြောင်း မောင်တောမြို့နယ်သစ်တောဦးစီးဌာနက သိရသည်။
https://www.facebook.com/dmgnewsagency/posts/2029940713824996