By Eleven Media Group/ 2021 June 15
မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ နှစ်ဦးအထိ ရှိလာသည့်အတွက် ကိုဗစ်သတိပေးချက်များ ထပ်မံ ကြေညာထားကြောင်း သိရသည်။
မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် တရားမဝင် ခိုးဝင်လာသူ ၁၉ ဦးအား ဖမ်းဆီးမိရာမှ ၎င်းတို့အား ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးရာ ဇွန် ၁၀ ရက်တွင် တစ်ဦးနှင့် ဇွန် ၁၁ ရက်တွင် တစ်ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိသူ ရှိလာပြီ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် မြို့နယ်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း ၊ အားအင်ကုန်ခန်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန် လိုအပ်ကြောင်း သက်ဆိုင်ရာက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့သည်။
ကိုဗစ် တတိယလှိုင်းအတွင်း ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၇ ဦးအထိ ရှိလာပြီး ၎င်းတို့မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ပြန်လာသူများ ဖြစ်ကြကြောင်း သိရသည်။
ဇွန် ၁၃ ရက် ည ၈ နာရီမှ ဇွန် ၁၄ ရက် ည ၈ နာရီအတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၈၁၉ ခုအား စစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၂၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ လေးဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဓာတ်ခွဲနမူနာများ စတင်စစ်ဆေးစဉ်မှ ဇွန် ၁၄ ရက် ညပိုင်း ထုတ်ပြန်ချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၅၁၀၅၃ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၅၈၂၆ ဦးရှိကာ သေဆုံးသူ စုစုပေါင်း ၃၂၄၈ ဦး ရှိသည်။
မြန်မာနိုင်ငံတွင် မေ ၂၇ ရက်မှစ၍ COVID-19 ပိုးတွေ့လူနာများ ပြန်လည် များပြားလာပြီး မေ ၂၇ ရက်တွင် ၉၆ ဦး၊ မေ ၂၈ ရက်တွင် ၇၂ ဦး၊ မေ ၂၉ ရက်တွင် ၄၀ ၊ မေ ၃၀ ရက်တွင် ၄၅ ဦး၊ မေ ၃၁ ရက်တွင် ၅၈ ဦး၊ ဇွန် ၁ ရက်တွင် ၁၂၂ ဦး၊ ဇွန် ၂ ရက်တွင် ၇၂ ဦး၊ ဇွန် ၃ ရက်တွင် ၁၂၂ ဦး၊ ဇွန် ၄ ရက်တွင် ၂၁၂ ဦး၊ ဇွန် ၅ ရက်တွင် ၉၆ ဦး၊ ဇွန် ၆ ရက်တွင် ၆၄ ဦး၊ ဇွန် ၇ ရက်တွင် ၁၃၉ ဦး၊ ဇွန် ၈ ရက်တွင် ၁၂၃ ဦး ၊ ဇွန် ၉ ရက်တွင် ၁၃၆ ဦး၊ ဇွန် ၁၀ ရက်တွင် ၁၆၁ ဦး၊ ဇွန် ၁၁ ရက်တွင် ၁၈၈ ဦး၊ ဇွန် ၁၂ ရက်တွင် ၁၆၆ ဦး၊ ဇွန် ၁၃ ရက်တွင် ၃၇၃ ဦး တွေ့ရှိခဲ့၍ ၁၈ ရက်အတွင်း ပိုးတွေ့လူနာသစ်၂၂၈၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။