မောင်တောတွင် နယ်စပ်မှခိုးဝင်လာသူ ၁၉ ဦးထဲမှ တစ်ဦးမှာ ကိုဗစ်ပိုးတွေ့

By Development Media Group (DMG)/ June 11

ယခု ဇွန်လ ၈ ရက်နေ့က မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၉ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ် ဘာဟူခါလီဒုက္ခသည်ခန်းမှ အသက် ၃၆ နှစ်အရွယ် မာမတ်တော်ယုပ် ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။

” တရားမဝင် ဝင်လာသူတွေအားလုံးကို ကိုဗစ်စစ်ဆေးတယ်။ အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်ပိုးစတွေ့တယ်။ သူနဲ့ ထိတွေ့ခဲ့ကြတဲ့ နယ်ခြားစောင့်၊ ကားဒရိုင်ဘာအပါအဝင် ၁၄ ဦးကို Facility Quarantine ထားပြီး ထပ်မံစစ်ဆေးသွားမယ်။” ဟု ပြောသည်။

မာမတ်တော်ယုပ်ပါ ၉ ဦးအဖွဲ့ကို ရှေ့တန်းအမှတ်(၇)၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဖမ်းဆီးရမိကာ ငါးခူးရ နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၌ Covid 19 ရောဂါပိုးရှိမရှိ Standard Q Covid-19 Antigen Test ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား လဝကဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အရေးယူထားပြီးနောက် ယခုတဖန် တရားမဝင် ဝင်ရောက်လာသူ ၁၉ ဦးအထိရှိလာပြီး ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ ၁ ဦးပါဝင်ကာ ကျန် ၁၈ ဦးမှာ နေရပ်စွန့်ခွာသွားသူများဖြစ်ကြောင်း နယ်ခြားစောင့်၏ မှတ်တမ်းကိန်းဂဏန်းများအရ သိရသည်။

မောင်တောမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က ” အခုလို ခိုးဝင်တွေဆက်ရှိနေတာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ထွေအုပ်စာရေးအချို့ ပူးပေါင်းပြီး လုပ်ဆောက်နေကြတယ်လို့ သိရတယ်ဗျ။ ဒါတွေကို ထိရောက်စွာ အရေးယူဖို့လိုအပ်တယ်။ ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ” ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးလုပ်ပြီး ပြောထားတာရှိတယ်။ ခိုးဝင်၊ ခိုးထွက်တွေ၊ လူကုန်ကူးမှုတွေနဲ့ ပတ်သတ်ပြီး သတင်းမှန်တွေ ချက်ချင်းပေးဖို့ ပျက်ကွက်ရင်အရေးယူမှုတွေ လုပ်ဆောင်ဖို့ရှိတယ်။ လက်ရှိမှာတော့ အရေးယူမှုတွေမလုပ်ရသေးဘူး။ သတင်းအချက်အလက်အချို့ ရထားတာတောရှိတယ်။ စစ်ဆေးမှုတွေလုပ်ပြီးရင် ထိရောက်စွာအရေးယူသွားဖို့ရှိတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ပြန်လာသည့် လူ ၃၉ ဦးကို စစ်ဆေးရာမှာ ၉ ဦးတွေ့ရှိခဲ့ပြီး လက်ရှိ ရခိုင်တွင် စုစုပေါင်းကိုဗစ်ပိုးတွေ့လူနာ ၁၃ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်သို့ အခြားနေရာဒေသများမှ ကိုဗစ်ပိုးမကူးစက်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ပင်သင့်ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကိုဗစ်မကူးစက်စေရေးအတွက် ယခုစီမံဆောင်ရွက်နေ့သည့် လုပ်ငန်းများကို ပိုမိုဂရုစိုက်လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။

ယခုကဲ့သို့ ပိုးတွေ့လူနာများရှိလာသော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား ပိတ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်းနှင့် သို့သော်လည်း ပြန်လာသူများအား ကမ်းပေါ်မတက်စေဘဲ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ထားပြီး ကိုဗစ်ပိုးစစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောကြားထားသည်။

စစ်တွေမြို့တွင် ကွာရန်တင်းစင်တာဖွင့်လှစ်ခြင်းကို လတ်တလောတွင် ဆိုင်းငံ့ထားပြီး ကူးစက်မှုအခြေအနေအပေါ်မူတည်၍ ကွာရန်တင်းစင်တာဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ကျောင်းဟောင်းကို အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လျှက်ရှိနေပြီး စခန်းများအား လော့ဒေါင်းချကာ အသွားအလာပိတ်ထားသည့်အတွက် မောင်တောနယ်စပ်သို့ ခိုးဝင်မှုများပြားလာမှာကို ဒေသခံများအထူးစိုရိမ်လျှက်ရှိနေကြသည်။

လက်ရှိတွင် ကိုဗစ်မျိုးစိတ်သစ် B.1.617 ကို အိန္ဒိယနိုင်ငံ၌ ၂၀၂၀ အောက်တိုဘာလက တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ထိုမျိုးစိတ် နမူနာပေါင်း ၄၅၀၀ အထိ စစ်ဆေး တွေ့ရှိထားသည်ဟု WHO က ပြောကြားသည်။

ရခိုင်ပြည်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတုန်းက ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2035583596594041

Leave a Reply

Your email address will not be published.