By Development Media Group (DMG)/ June 20

ရခိုင်ပြည်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်း ၂ ဦးတွင် ယနေ့ (ဇွန်လ ၂၀ ရက်)နေ့က ကိုဗစ်ပိုးစစ်ဆေးရာ၌ ကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ” ဒီနေ့မနက်စစ်ဆေးတာမှာ ဝန်ထမ်း ၂ ဦး ပိုးတွေ့ ပါတယ်။ နောက်ဝန်ထမ်းတွေကိုလည်း အသွားအလာကန့်သတ်ပြီးနေခိုင်းထားတယ်” ဟု DMG သို့ ပြောသည်။
ယခု ပိုးတွေ့ရှိသည့် ဝန်ထမ်းနှစ်ဦးမှာ ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကူးစက်မှုဖြစ်ကြောင်း ဒေါက်တာနုကေသီစံက ဆိုသည်။
ကိုဗစ်ပိုးတွေ့ရှိသည့် ထွေ/အုပ်ဝန်ထမ်းနှစ်ဦးမှာ အရာရှိတစ်ဦးနှင့် အခြားအဆင့်ရှိသူတစ်ဦးတို့ဖြစ်ကြောင်း ၎င်းဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။
လက်ရှိ မောင်တောမြို့နယ်အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၅ ဦးအထိရှိလာပြီး ယနေ့ဇွန်လ ၂၀ ရက်အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁ ဦးရှိကာ ၄ ဦးမှာ ဆေးကုသမှုခံယူလျှက်ရှိသည်။
ယင်းသို့ပိုးတွေ့လူနာများထဲမှ ၂ ဦးမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသူများဖြစ်သည်။
မောင်တောမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုကိုကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို စနစ်တကျလိုက်နာကြရန် အသိပေးနှိုးဆော်မှုများရှိသော်လည်း လိုက်နာမှုအားနည်းနေကြကြောင်း ဒေသခံများ ထံမှ သိရသည်။
ရခိုင်ပြည်အတွင်းတွင် ဇွန်လ ၁၇ ရက်နေ့အထိ COVID-19 ပိုးတွေ့လူနာ ၆၉ ဦးအထိရှိလာနေပြီး ၎င်းတို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကုန်သွယ်ရန်သွားရောက်ခဲ့သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လူသူများ ပါဝင်ကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2042404429245291