မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်စစ်ဘေးရှောင်စခန်းတချို့ နေထိုင်ရေးအခက်ကြုံနေရ

By Development Media Group (DMG)/ June 21

ရခိုင်ပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းတချို့ နေထိုင်ရေးအခက်အခဲ ကြုံနေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ ကဝိရတနာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေပြည့်လျှံနေသဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်များနှင့် စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲရှိနေကြောင်း ကဝိရတနာ ဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ တင်းမကျေးရွာဒေသခံ ဦးစောညွန့်ဝင်းက ပြောသည်။

“အခုက ရေပြည့်နေတော့ အပြင်ကိုလည်း ထွက်လို့မရဘူး။ ရေက တအားပြည့်နေတာ၊ အပြင်ကို အိမ်အောက်ကို လုံးဝဆင်းလို့မရဘူး။ နောက်ပြီးတော့ ရေထဲမှာ မျော့တွေလည်းရှိတယ်၊ ထင်းတွေလည်း အကုန်လုံးစိုသွားတယ်။ စားဝတ်နေရေးတွေ အခက်ခဲအများကြီးရှိတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် တင်းမ၊ နှမဒါ၊ မာလာ၊ မုန့်သန့်ပြင်၊ လောင်းရှည် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ပြီး စုစုပေါင်းစစ်ဘေးရှောင်ဦးရေ ၁၃၀၀ ကျော် ရှိကြောင်းသိရသည်။

မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် အမိုးအကာများ ပျက်စီးနေကြောင်း စခန်းတာဝန်ခံ ဆရာတော်နှင်းခါးက DMG သို့ မိန့်သည်။

“စညှင်းစစ်ဘေးရှောင်စခန်းမှာတော့ အဆောက်အအုံတွေ ပျက်စီးနေတဲ့အတွက် စစ်ဘေးရှောင်နေထိုင်ရေး အခက်ခဲဖြစ်နေတယ်။ အဓိကတော့ အမိုးအကာတွေ လိုအပ်နေတယ်။ အိမ်တွေက ပျက်စီးနေပြီဖြစ်တဲ့အတွက် မိုးက တအားရွာတော့ စစ်ဘေးရှောင်တွေမှာ နေရတာအခက်အခဲရှိနေတယ်။ ကိုယ်တော်တို့က ဒီလကုန်ရင် ဆောက်ပေးဖို့ လုပ်နေတယ်” ဟု မိန့်သည်။

၎င်းနည်းအတူ မင်းပြားမြို့နယ်၊ သေကန်စစ်ဘေးရှောင်စခန်းတွင်လည်း ထိုသို့ အခက်အခဲကို ကြုံနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုအမ်းသားကြီးက ပြောသည်။

“ကျနော်တို့ မင်းပြားဖက်မှာဆိုရင် သေကန်စစ်ဘေးရှောင်စခန်းမှာ မိုးတအားကြီးတဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်ရေးအခက်အခဲနဲ့ကြုံနေရတယ်။ ကျနော်တို့ကတော့ စခန်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ ဆောက်ပေးဖို့လုပ်နေပါတယ်။ အမိုးတွေက မကောင်းတော့ဘူးဆိုတော့ မိုးတွေယိုတယ်၊ အခက်အခဲတွေရှိပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ရေပြည့်၊ ရေလျှံ၊ ရေနှစ်မြှုပ်နေသော စစ်ဘေးရှောင်စခန်းများကို အသေးစိတ်သိရှိရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံ (REC) မှ စာရင်းပြုစုနေကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2043230309162703

Leave a Reply

Your email address will not be published.