By Development Media Group (DMG)/ June 16
ပြီးခဲ့သည့် နှစ်များက ဆောက်လုပ်နေထိုင်နေကြသည့် စစ်ရှောင်ယာယီတဲအိမ်များကို လက်ရှိတွင် ပြန်လည်မွမ်းမံဆောက်လုပ်ပေးခြင်းမရှိပါက ယခုနှစ်မိုးရာသီနေထိုင်ရန် အလွန်အခက်အခဲဖြစ်မည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
လူဦးရေ ၁၀၀၀ ကျော်ရှိသည့် အမ်းမြို့ အမှတ် ၂ စစ်ဘေးရှောင်စခန်းအတွင်း တဲအိမ် ၃၅ လုံးအား အရေးပေါ်ပြုပြင်ရန်လိုအပ်နေသည့်အတွက် တာဝန်ရှိသူများကို တင်ပြတောင်းဆိုထားသော်လည်း တစုံတရာထူးခြားလာခြင်းမရှိဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။
“အစိုးရ စစ်ဘေးရှောင်စခန်းဆိုပေမဲ့လည်း သူတို့ဆီက လုံလုံလောက်လောက်ထောက်ပံ့ပေးတာလည်းမရှိဘူး။ အရင်တုန်းကတော့ သူတို့အတွက် အပြင်ကအဖွဲ့အစည်းတွေက ထောက်ပံ့ပေးကြတယ်။ အခုက အဲ့ဒီလိုမျိုးလည်း မရှိတော့ဘူးဆိုတော့ တော်တော်လည်း အခက်အခဲဖြစ်နေတယ်။ ပြိုပျက်နေတဲ့အိမ်တွေကိုလည်း စစ်ဘေးရှောင်တွေအနေနဲ့ ပြန်လည်မဆောက်နိုင်ကြဘူး။ တာဝန်ရှိသူတွေကလည်း အခုချိန်ထိ အကြောင်းတစုံတရာ ပြောလာတာ မရှိသေးဘူးဆိုတော့ အခုမိုးရာသီ စစ်ဘေးရှောင်အတွက်တော့ အရမ်းကိုအခက်အခဲဖြစ်မှာပဲ” ဟုဆိုသည်။

တာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီပေးရာတွင် ဟန်ပြလုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ တာဝန်ယူမှုတာဝန်ခံမှုဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
မြောက်ဦမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ သိန်းကျော်မြက “ကျနော်တို့ဒေသက မြေလည်းနိမ့်တယ်။ ဒီရေလည်း တက်တယ်။ မိုးကလည်း အရမ်းရွာနေတော့ နေစရာနေရာမရှိဖြစ်နေပြီ။ အခန်းတွေကတော့ ရေမနစ်သေးပေမဲ့အောက်ခြေတွေ အကုန်လုံးနစ်နေပြီ အောက်မှာနေလို့မရတော့ဘူးဖြစ်နေတယ်။ ဒီထက်ပိုပြီး ရွာလာရင် ပိုပြီးအခက်အခဲဖြစ်လာမယ်” ဟု ဆိုသည်။
စစ်ဘေးရှောင်များမှာ အလှူရှင်များနည်းပါးလာခြင်း၊ အလုပ်အကိုင်များ ရှားပါးခြင်းကြောင့် လတ်တလော စားဝတ်နေရေးအဆင်ပြေရန် မိမိပိုင်ဆိုင်သည့် လက်ဝတ်ရတနာများကို ထုဆစ်ရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရသည်။
ယင်းအပြင် ရသေ့တောင်မြို့နယ် ဂူတာပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်စောမေက “ တဲအိမ်တွေမှာ အကုန်လုံး မိုးယိုနေတယ်။ ဟိုကဖာ ဒီကဖာပြီး နေနေရတယ်။ ရေလည်း ပြည့်နေတဲ့အတွက် ဒီထက်ပိုပြီး မိုးရွာလာရင် ဘယ်ကိုပြေးရမလဲဆိုတာကို တွေးနေမိတော့တယ်” ဟု ဆိုသည်။

စစ်ရှောင်ခစန်းတချို့မှာ လက်ရှိအာဏာပိုင်၏ အထောက်အပံ့နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ယခုလအတွက် စားနပ်ရိက္ခာအကူညီမရသေးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း စသည့်စခန်းအသီးသီးမှ ပျက်စီးသွားသည့် တဲ့အိမ်များကို အလှူရှင်မရှိ၍ ဆောက်လုပ်နိုင်ခြင်းမရှိသေးပေ။
စစ်ဘေးရှောင်များ နေထိုင်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့်ပတ်သတ်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားခဲ့သော ၂ နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း တစ်သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2039344372884630