By Development Media Group (DMG)/ 2021 June 6
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတအသင်း ဥက္ကဌ ကိုအောင်လှိုင်ဝင်းအပါအဝင် (၇ )ဦးကို ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း မိသားစုဝင်များကပြောဆိုသည်။
ဖမ်းဆီခံရသူ ကိုအောင်လှိုင်ဝင်းမှာ ဇွန်လ ၅ ရက်မနက်ပိုင်းက နေအိမ်မှ ထွက်ခွါသွားပြီး ထမင်းစားချိန်ပြန်မရောက်ရှိသဖြင့် ဇနီဖြစ်သူမှ လိုက်လံရှာဖွေရာ မျက်မြင်သက်သေ တစ်ဦးဖြစ်သူက တောင်ကုတ်အခြေစိုက် တပ်ရင်း -၃၄၆က ဖမ်းဆီခေါ်ဆောင်သွားခြင်းကို မြင်မိလိုက်ကြောင်း လာရောက်ပြောဆိုခဲ့ပြီး ယခုအခါ ကိုအောင်လှိုင်ဝင်းမှာ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသည်မှာ၂ ရက်ထိရှိနေပြီဟု မိုးပညာဒါန ပရဟိတအသင်းမှ စရင်းစစ် ကိုမောင်မောင်သိန်းက ပြောဆိုသည်။
“သူတို့က သံတွဲအသွား တောင်ကုတ်ထွက်ဝ တပ်အမှတ် ၃၄၆ တပ်ရဲ့ ဖုံညို မောင်းတံဂိတ်မှာ ဖမ်းသွားတယ်ဆိုတာကို အဲဒီနားက မျက်မြင်သက်သေတွေကပြောလို့ သူ့မိန်းမက သိရတယ် လို့ပြောတယ်၊ အခု သူဘယ်မှာလဲဆိုတာကိုလည်း မသိရသေးသလို ဘာကြောင့် ဖမ်းခံထားရတယ်ဆိုတာကိုလည်း မသိရသေးဘူး၊ သတင်းတွေမှာကတော့ AA နှင့်ဆက်စပ်ပြီး ဖမ်းခံရတယ်လို့ တင်တာတွေ့နေရတယ်ဟု” သူက ပြောဆိုသည်။
ယင်းနောက် ကိုအောင်ဝင်းလှိုင်နှင့်အတူ လိုက်ပါသွားသည့် နောက်ထပ် ၆ ဦးအမည်များကိုလည်း မသိရှိသေးကြောင်း သူကပြောဆိုသည်။
ဖမ်းဆီးခံရသူ ကိုအောင်ဝင်းလှိုင်မှာ ပရဟိတသမားတစ်ဦးသာဖြစ်ပြီး AA နှင့် ဆက်စပ်မှု ရှိမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ကိုအောင်ဝင်းလှိုင်၏ သူငယ်ချင်းဖြစ်သူ ကိုနေလင်းအောင်က ပြောဆိုသည်။
“ကျနော်တို့ ကြားတာက AA နှင့် ဆက်စပ်လို့ ဖမ်းတယ်လို့ သတင်းကြားထားတယ်။ ဒါက မဖြစ်နိုင်ဘူး သူက အဲဒီအဖွဲ့တွေနှင့် အဆက်အစပ်မရှိဘူး ကျနော်တို့နှင့်အတူတူ ဒီကျောင်းဖြစ်မြောက်ရေးအတွက်ပဲ အလှူခံတယ်၊ လုပ်ကြတယ်။ သူက လူအေးတစ်ယောက်လည်းဖြစ်တယ်၊ ကျနော်တို့လည်း ဒီကိစ္စကို စုံစမ်းနေတယ်” ဟု သူကပြောဆိုသည်။
လင်ဖြစ်သူအား တပ်မ ၃၄၆အထဲတွင် ရှိသည်ဟု သတင်းရရှိထားပြီး ၂ ရက်ကြာထိ တွေ့ခွင့်မရရှိသည့်အပေါ် အထူးစိုးရိမ်မိကြောင်း ကိုအောင်ဝင်းလှိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောဆိုသည်။
“သူကတော့ တပ်မ ၃၄၆ ထဲမှာလို့ ကြားတယ် တွေ့ခွင့်မရသေးဘူး သူက မဟုတ်တာမလုပ်ဘူး၊ သူကို ကျမတို့ မျှော်နေတယ်၊ သူ့အတွက်လည်း စိုးရိမ်နေတယ်၊ ဘယ်လိုတွေများ လုပ်ခံနေရမလဲ လို့ပေါ့” ဟု သူကပြောဆိုသည်။
ကိုအောင်ဝင်းလှိုင်မှာ မိသားစု စားဝတ်နေရေးအတွက် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သူသာ ဖြစ်သည်ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။
အဆိုပါ ဒေသခံ (၇ )ဦး အား တပ်မတော်မှ ဖမ်းဆီးသွားသည်ဟု ပြောဆိုနေခြင်း ကိစ္စ နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် စစ်ကောင်စီ ဥက္ကဌ ဦးသန်းဌေးအား DMG သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးသွားသည်ဆိုသည့် သတင်းကို မသိရှိသေးကြောင်း သူကပြောဆိုသည်။
“မိုး” ပညာဒါနကျောင်းကို ၂၀၂၁ ဧပြီးလမှ စတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းကျောင်းတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ဝပ်ရှော့အပါအဝင် တစ်ခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ပြလျှက်ရှိနေပြီး ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသားဦးရေ ၅၀ ကျော်အထိ တက်ရောက်လျှက် ရှိသည်ဟုလည်း သိရှိရသည်။
https://www.facebook.com/dmgnewsagency/posts/2032195393599528