By Development Media Group (DMG)/ June 12
ပြည်မဘက်မှ ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှု အများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုလျှင် ကားလမ်းချော်ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ယခုကဲ့သို့ ကားလမ်းပိတ်ဆို့မှုများ ကြုံတွေ့ရခြင်းမှာ ကားလမ်းများကို မိုးရာသီမတိုင်မီ ပြုပြင်ခြင်းများမလုပ်ဘဲ မိုးရွာသွန်းသည့်အချိန်မှ လာရောက်ပြုပြင်သည့်အနေအထားဖြစ်သည့်အတွက် အခက်အခဲများကြုံနေရ ဖြစ်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက ပြောသည်။
မန္တလေး-စစ်တွေ အသွားအပြန်ကားမောင်းသည့် ကိုဝင်းလှိုင်က “ မိုးရာသီဆိုရင် နှစ်တိုင်းဖြစ်နေကြ၊ ရခိုင်ပြည်မှာတော့ လမ်းတိုင်းလိုလိုတွေ့တာပဲ၊ ဒီလမ်းတွေကလည်း မိုးရာသီရောက်မှ လမ်းခင်းတာဆိုတော့ မြေသားဖို့တာတွေက ချော်ပြီးဖြစ်တာလေ၊ သူတို့က နွေရာသီမှာ လမ်းကိုပြင်ရမယ့်ဟာကို ဒီမိုးတွင်းရောက်မှ မြေတွေဘာတွေခင်း၊ အောက်ကကျောက်ခဲမခံဘဲလုပ်တော့ မိုးရွာရင်လျော်တာပေါ့ဗျာ” ဟု ပြောသည်။
မင်းဘူး-အမ်းလမ်းမမှာ တစ်လမ်းမောင်းဖြစ်သည့်အတွက် တစ်စီးဆင်းလာသည့်အချိန်တွင် တစ်စီတန်း စောင့်နေရသည့် အနေအထားမှာ လမ်းပခုံး (ကားလမ်းမဘေးဖက်) တင်ထားသည့် မြေသားများမှာ ကားဘီးများတွင် ကပ်ပါလာပြီး မြေချော်ခြင်းများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကေသီဦးကားဂိတ်မှူး ဦးမောင်ဝင်းချေကပြောသည်။
“ကတ္တရာလမ်းဘေး၊ ကွန်ကရစ်လမ်းဘေးတွေမှာ ဟိုဖက်ဒီဖက် သုံးပေလုပ်ရတာရှိတယ်။ အဲဒီပြဿနာတွေကြောင့် မြေကြီးတွေက လောလောစဉ်မှာ ကားကြီးတွေက ဘေးကိုချပြီးရှောင်ရတယ်။ အဲဒီအချိန်မှာ တာယာတွေမှာ ရွံ့တွေရောပါလာတယ်၊ မိုးကလည်း ပုံမှန်ရွာတာမျိုးမဟုတ်ဘဲ မြေတွေက ကားလမ်းထက်ရောက်သွားတော့ တာယာတွေချော်တာများတယ်။ ” ဟု ဆိုသည်။
ဆောက်လုပ်ရေးအနေအထားမှာလည်း ဘတ်ဂျက်ချပေးမှုအပေါ်မှာမူတည်ပြီး လုပ်ရသည့်အနေအထာဖြစ်၍ ကြိုတင်ပြင်ဆင်မှုပိုင်းတွင် အားနည်းသည့်ဟု ယူဆကြောင်းလည်း ဦးမောင်ဝင်းချေကပြောသည်။
ယနေ့တွင်လည်း အမ်းမြို့နယ် ငပြယ်ကျေးရွာနှင့် တောင်စောက်ကျေးကြားတွင်ကားတွင် ကားချော်သည့်အတွက် ခရီးသည်တင်ကားများ၊ ကုန်ကား၊ အိမ်စီးကား စသည့် ကားအစီး ၁၀၀ ကျော်ခန့် ပိတ်မိကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“အပေါ်တက်လို့ မရဘူးဖြစ်နေတယ်လေ၊ ကားကလည်း တစ်လမ်းမောင်းဆိုတော့ ရွှံ့တွေနဲ့ချော်ပြီးတော့ မသွားနိုင်ဘူးဖြစ်တယ်၊ အောက်ကျောက်ခဲမပါတော့ဘူးလေ။ ပိတ်နေတာက မနေ့ကတည်းက ပိတ်နေတာ၊ အခုကတော့ ယာဉ်ထိန်းတွေ လာကူးပေးလို့ သွားလို့တော့ တချို့တဝက်ရနေပါပြီ ” ဟု အာကာထွန်းကား မောင်းနေသည့် ဦးကျော်ကျော်လွင်က ပြောသည်
။အမ်းမြို့နယ် လမ်း-တံတား အထူးဦးစီးတာဝန်ခံ အင်ဂျီနီယာ ဦးထွန်းအောင်ကျော်က လက်ရှိအချိန်တွင် မင်းဘူးဖက်ကို ဆင်းသည့်ကားများမှာ ဆင်းလိုရနေပြီဖြစ်ကြောင်းနှင့် အခြားကားများကိုလည်း သွားလာနိုင်အောင် လုပ်ပေးနေပြီးဖြစ်ကြောင်း ပြောသည်။
ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ကြုံနေရသည့် အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို မေးမြန်းရာတွင် အခုကားပိတ်နေသည့်အတွက် နောက်မှ ပြန်ဆက်ပေးမည်ဟု ဆိုသည်။
https://www.facebook.com/dmgnewsagency/posts/2036418373177230