By Western News/ 2021 June 19
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အစွန်ဆုံးတွင်ရှိသည့် ပန်ဇင်းမော်ကျေးရွာ၏ ချောင်းဖြတ်ကူးတံတားမှာ ပျက်စီးမှုများရှိလာနေ၍ အသက်အန္တရာယ်ရှိလာသည့်အခြေအနေများနှင့် ရင်ဆိုင်နေကြောင်း ကျေးရွာသားများက Western News ကိုပြောသည်။
ယင်းတံတားတိုင်များမှာ ဝါးတိုင်ဖြစ်ပြီး အခင်းမှာလည်း ဝါးအခင်းဖြင့် ပြုလုပ်ထားသည့်အတွက် ခိုင်ခံ့မှုမရှိ၍ ဆိုင်ကယ်၊ စက်ဘီးဖြင့် ဖြတ်ကူးလျှင် တွန်း၍ တံတားကိုဖြစ်ကူးရသည့်အပြင် မိုးရာသီရောက်လျှင် ပျက်စီးမှုများရှိလာ၍ ကျောင်းသားများ ကျောင်းသွားတက် ရသည့်အခါ အသက်အန္တရာယ်ရှိကြောင်း ကျေးရွာသားများကပြောသည်။
တံတား ခိုင်ခ့ံမှုမရှိသည့်အတွက် တံတားဖြတ်ကူးရာတွင် ကျိုးပျက်၍ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိကြောင်း ပန်ဇင်းမော်ကျေးရွာ၏ ရပ်မိရပ်ဖိ တစ်ဦးဖြစ်သူ ဦးအိုးဖြူအောင်က Western News ကို ပြောသည်။
“တံတားက မကြာခဏပြိုပျက်နေတော့ မကြာခဏပြုပြင်ရတယ်။ တံတားမခိုင်တော့ အဲ့တံတားမှာ အပေါက်ကျွံပြီး ထိခိုက်ဒဏ်ရာရ တာတွေရှိတယ်။ မကြာမကြာပြုပြင်နေရတော့ တံတားကနေ အားလွန်ပြီးချောင်းကိုဖြုတ်ကျလို့ ဆေးရုံတင်ရတာတောင်ရှိပါတယ်။ သက်ဆိုင်ရာဌာနတွေက ခိုင်မာတဲ့ တံတားလေးတစ်ခုလောက် လိုချင်မိပါတယ်”ဟုပြောသည်။
ယင်းတံတားအရှည်မှာ အလျားပေ ၂၂၀ ပေနှင့် အနံ ၆ ပေရှိသည့် ဝါးတံတားအမျိုးအစားဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ် ကတည်းက ကျေးရွာသားများက ကိုယ်ထူကိုယ်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှမောင်သာကပြောသည်။
“ကျွန်တော်တို့က ဒီတံတားကို လွန်ခဲတဲ့ ၅ နှစ်က ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့တာပါ။ ကျွန်တော်တို့ရွာက ရေ ပတ်ပတ်လည် ဝိုင်းထားတော့ သွားလာရေးတွေမှာ အရမ်းခက်ခဲတယ်။ အဲ့ဒါကြောင့် ကလေးတွေကျောင်းသွားတာက်ရတာလည်းအဆင်ပြေအောင်၊ စီးပွားရေး၊ ကျန်းမာရေးပိုင်းတေပါအဆင်ပြေအောင်ဆိုပြီးရွာကနေ ငွေကော က်ခံပြီးတော့ ကိုယ်တိုင်တည်ဆောက်ထားတာပါ”ဟုပြောသည်။
ယင်းတံတားပြုပြင်ပေးရန်ယခင်အထက်ထက်က အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဌာနများကို စာတင်ပြတောင်း ဆိုမှုများရှိ ခဲ့သော်လည်း ထူးခြားမှူမရှိသေးကြောင်း ကျေးရွာသားများကပြောသည်။
မြေသားလမ်းနှင့် တံတားခိုင်ခံမှုမရှိသည့်အတွက် တစ်ဖက်ရွာဖြစ်သည့် ဆင်ကြီးပြင်ကျေးရွာကို ကျောင်းသွားတက်ရသည့် ကျောင်းသားများမှာ လမ်းခရီးအဆင်မပြေမှုကြောင့် ပညာရေးပိုင်းတွင် ဆုံးရှုံးနစ်နာမှုများရှိသည် ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးခင်မောင်ကြည်ကပြောသည်။
“ကျွန်တော့်သမီးလေးက တစ်ဖက်ကမ်းမှာရှိတဲ့ ဆင်ကြီးပြင်ရွာကို ကျောင်းသွားတက်ရပါတယ်။ ရွာမှာက အလကခွဲပဲရှိတယ် အထက်တန်းမရှိတော့ တံတားကူးကျောင်းသွားရတယ်။ ဒါပေမယ့် မိုးရာသီဆိုရင်တံတားက အဆင်မပြေဘူးဖြတ်ရတာ။ ဟိုဖက်ရွာ ရောက်ဖို့ ၂ မိုင်လောက် လမ်းလျှောက်ရတဲ့ လမ်းကလေး မိုးရာသီလမ်းချော်ပြီးသွားမရဘူး။ အဲ့တာကြောင့် စက်လှေနဲ့ ကျောင်းသွား ရတယ်။ မိုးကြီးးတဲ့နေ့တွေဆို ကျွန်တော်သမီး ကျောင်းတက်ဖို့ အိမ်ကထွက်သွားကတည်းကစိတ်မချဘူး”ဟုပြောသည်။
ပန်ဇင်မော်ကျေးရွာတွင် အိမ်ခြေ ၂၉၅ အိမ်နှင့် လူဦးရေ ၁၄၉၆ ဦးရှိပြီး ယင်းကျေးရွာသားများရေလုပ်ငန်းများအဓိက လုပ်ကိုင်စားနေရပြီး လယ်လုပ်ငန်းလုပ်ကိုင်သူအနည်းငယ်သာရှိကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်စီးမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/313330207140157