By Narinjara/ 2021 June 10
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခမောင်းတောကျေးရွာအနီးကျောက်တူးတွင်းထဲတွင် ယမန်နေ့ ဇွန်လ ၉ ရက်နေ့က ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူကလေးငယ်နှစ်ဦးမှာ ခမောင်းကျေးရွာမှ ဦးမိုးမိုးကျော်၏သား မောင်မိုးထက်ကျော်(၄ နှစ်)နှင့် ဦးတင်ကျော်ဟန်၏သား မောင်နားတက်ချေ(၃ နှစ်) တို့ဖြစ်သည်။
ခမောင်းတောကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီး ဦးစိန်ဝင်းက “ အဲဒီတွင်းက ရွာလမ်းခင်းတဲ့အချိန်က ကျောက်တူးထားတဲ့ နေရာမှာ တွင်းဖြစ်ကျန်ခဲ့တာပါ။ စာသင်ကျောင်းဘောလုံးကွင်းနားမှာပေါ့။ မိုးရွာတော့ ရေပြည့်သွားတာ။ လူကြီးတွေနဲ့ဆိုရင် ခါးလောက်ရှိမယ်ရေက။ ကလေးတွေက ကျောင်းမနေရသေးတဲ့ ကလေးတွေပါ။ ဘာသွားလုပ်တာလဲတော့ မသိဘူး။ မိဘတွေအလုပ်သွားတဲ့အချိန်မှာ ရေတွင်းနားရောက်သွားပုံရတယ်။ ငါးသွားရှာတဲ့လူကတွေ့တာ။ အလောင်းတွေ့တဲ့အချိန်မှာ တစ်ယောကိုတစ်ယောက် ဖက်ပြီးတွေ့တာလို့ပြောတယ်။ ရေနစ်တဲ့အခါမှာ တစ်ယောက်ကို တစ်ယောက်ဆယ်တာဖြစ်နိုင်တယ်။” ဟုပြောသည်။
အဆိုပါကလေးငယ်နှစ်ဦး၏ အလောင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
၎င်း ခမောင်းတောကျေးရွာတွင် အိမ်ခြေ ၂၆ဝ ကျော်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4398218363523540