မင်းပြားတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၉ ဦးထိရှိပြီး ကူးစက်ခံရသူ ၂၀၀ ကျော်ထိရှိလာ

By Development Media Group (DMG)/ June 2

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နဂါရာကျေးရွာအုပ်စု ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ် ၉ ဦးသေဆုံးပြီး ကူးစက်ခံရသူ ၂၀၀ ကျော်ထိရှိလာနေပြီဖြစ်သည်။

ရောဂါကူးစက်ခံရသော သူ ၂၀၀ ကျော်ကို  ပန်းမြောင်းတိုက်နယ်ဆေးရုံနှင့် မြောင်းဘွေတိုက်နယ်ဆေးရုံများတွင် ဆေးဝါးကုသပေးနေပြီး တချို့ကလေးငယ်များမှာ ကျန်းမာရေး အခြေအနေစိုးရိမ်နေရသည်ဟု ပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေဒူလာမိန်က ပြောသည်။

“ မနေ့က မဒူရာကျေးရွာက ကလေးတစ်ယောက်သေတယ်။ အရင်နေ့တုန်းက သေသွားတာ ၈ ယောက်ပေါ့နော်။ အခုဆိုရင် သေသွားတဲ့ ကလေးငယ် ၉ ယောက် ရှိနေပြီ။ အာဟာရတွေပြတ်၊ ဝမ်းရောဂါလည်းဖြစ် ပိန်ကပ်ပြီးတော့ အရမ်းစိုးရိမ်ရတဲ့ အခြေနေဖြစ်နေတယ်။ ဒီနေ့ဆိုရင်လည်း အနီရောင်အဆင့် ရောက်သွားပြီလို့ပြောတယ်။ အဓိက သောက်သုံးရေနဲ့ ယင်လုံအိမ်သာ မရှိတာကြောင့် ဖြစ်တယ်” ဟု ဆိုသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းမှာ သောက်သုံးရေ မသန့်ရှင်းသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကာ အဆိုပါဝမ်းရောဂါမှာ ၅ နှစ်အောက် ကလေးငယ်များသာ အများဆုံးဖြစ်ပြီး သေဆုံးသွားသူများမှာလည်း လသားအရွယ်နှင့် အသက် ၁ နှစ်နှင့် ၂ နှစ်ကြား ကလေးများသာဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာများသို့ ကျန်းမာရေးဌာနနှင့် NGO အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး နေ့စဉ်ကွင်းဆင်းစစ်ဆေးကာ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း မင်းပြားမြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းထွန်းက ပြောသည်။

“တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတာရယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် အဓိကဖြစ်ရတာဖြစ်တယ်။ ဒါကြောင့် နေ့တိုင်းကျန်းမာရေးပညာပေးလုပ်ငန်းများကို အဓိကထားပြီး လုပ်ဆောင်ပေးနေတယ်။ အခုဆိုလို့ရှိရင် တနေ့မှာ အယောက် ၁၀ ပတ်ဝန်းကျင်လောက်ပဲ ဖြစ်တော့တယ်။ အရင်ကဆိုအများပေါ့နော်။ ကျနော်တို့အနေနဲ့တော့ ပြင်းထန်တဲ့ကလေးတွေကိုဆိုရင် အချိန်မီဆေးရုံ ပို့ပေးဖို့အတွက်လည်း စီစဉ်ထားတယ်။” ဟု ဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၈၀ ကျော်နှင့် လူဦးရေ ၄၀၀၀ ခန့်ရှိပြီး သောက်သုံးရေကန် ၃ ကန် ရှိသည့်အနက် ၁ ကန်သာ အသုံးပြု၍ရပြီး ယင်းကန်မှာလည်း ကျွဲ၊ နွားများ ဆင်းသောက်ကြသည်ဟုဆိုသည်။

လက်ရှိတွင် ကိုဗစ်ဖြစ်ပွားမှုရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန်၊ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး တစ်ကိုယ်ရည်သန့်ရှင်းအောင် နေထိုင်ရန်နှင့် ဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ အချိန်မီသွားရောက်ကြရန် မြို့နယ်ကျန်းမာရေးဌာနမှ တိုက်တွန်းထားသည်။

https://www.facebook.com/dmgnewsagency/posts/2028590273960040

Leave a Reply

Your email address will not be published.