ဘူးသီးတောင် လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၌ စာသင်ဆောင်ပျက်စီးနေ၍ စာသင်ကြားရေးအခက်ကြုံနေ

By Narinjara/ 2021 June 8

ရဲသွေးနီနီ (ဘူးသီးတောင်)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ လမ်းမကျောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် စာသင်ဆောင် ပျက်စီးနေသောကြောင့် စာသင်ကြားရေးတွင် အခက်ကြုံနေရသည်ဟု သတင်းရရှိ သည်။

အဆိုပါစာသင်ဆောင်ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းပိတ်ထားလိုက်ရချိန် အသုံးမပြုဖြစ်ခဲ့သည့်အတွက် ပျက်စီးသွားခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက ပြောသည်။

“ပြုပြင်ဖို့အတွက် NGO အဖွဲ့တွေကို အကူအညီတောင်းထားတာ တော့ရှိတယ်။ အခုထိတော့အကြောင်းမပြန်သေးဘူး။ ICRC က ကျနော်တို့ကယ်ဆယ်ရေးစခန်းမှာ တစ်အိမ်ထောင်ကို ဝါး ၅၀ နဲ့ ဓနိ ၅၀၀ စီ ထောက်ပံ့ပေးထားတဲ့အထဲက တစ်အိမ် ဝါး ၅ လုံး နဲ့ ဓနိ ၅၀ စီကို ကျနော်တို့ပြန်အလှူခံပြီး ကိုယ်ထူကိုယ်ထ လုပ်ဖို့စီစဉ်နေပါတယ်။ ပေးဖို့မရောက်သေးလို့ အခုစောင့်ဆိုင်းနေရတာ။ ကျန်တဲ့လုပ်အားဒါနလုပ်ပေးကြဖို့ကိုတော့ CAMP ကလူ တွေကိုတိုက်တွန်းထားတယ်။” ဟု နိရဥ္ဇရာသတင်းဌာနသို့ပြောသည်။

လမ်းမကျောင်းစစ်ဘေးရှောင်စခန်း စာသင်ကျောင်းတွင် မူလတန်း၌ ကျား ၁၀၃ ဦး၊ မ ၉၈ ဦး ပေါင်း ၂၀၁ ဦး၊ အလယ်တန်း G-6 တွင် ကျား ၁၉ ဦး၊ မ ၁၅ ဦး ပေါင်း ၃၄ ဦး။ G-7 တွင် ကျား ၁၅ ဦး၊ မ ၁၁ ဦး ပေါင်း ၂၆ ဦး။ စုစုပေါင်းကျောင်းသား/သူ ဦးရေ ၂၆၁ ဦး ရှိသည်။ ၎င်းကျောင်းသား/ကျောင်းသူများမှာ ဘူးသီးတောင်မြို့နယ်မှ ကံပြင်၊ စည်တောင်၊ ကွမ်းတောင်၊ နွားရုံတောင်၊ စံဂိုးထောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ သရက်ပြင်၊ ကြာညိုပြင်၊ ဖုံညိုလိပ်၊ အုတ်တောင်၊ ရခိုင်ကွမ်တိုင်၊ သရဖီ နှင့် ရသေ့တောင်မြို့နယ်မှ ကျောက်တန်း ကျေးရွာများမှ ဖြစ်ကြကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကျောင်းသူ၊ ကျောင်းသားများအား လမ်းမကျောင်းဓမ္မာရုံတွင် ယာယီသင်ပေးနေရသည်ဟုလည်း သိရသည်။

လမ်းမကျောင်းစစ်ဘေးရှောင်စခန်းရှိ စာသင်ကျောင်း တွင်ဘူးသီးတောင်မြို့နယ် စစ်ဘေးသင့်ဒေသက ကျောင်းဖွင့်ခွင့်မရသည့် ကျောင်း ၉ ကျောင်းဖြစ်သော စပါးထား၊ ကွမ်းတောင်၊ နွားရုံတောင်၊ စံဂိုးထောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်၊ သရက်ပြင်၊ ဒုံးပိုင်၊ သင်းဂနက် စသည့်ကျေးရွာများမှ တာဝန်ကျ ဆရာ/မ များထဲမှ ဆရာ/မ (၉)ဦးက သင်ကြားနေခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4392477747430935

Leave a Reply

Your email address will not be published.