ဘင်္ဂလားပင်လယ်အော်တွင် မကြာခင်က ဖြစ်ပေါ်ခဲ့သည့် ယာစ်မုန်တိုင်းကြောင့် ရခိုင်တွင် ဒီရေပင်တစ်ထောင်ကျော်ပျက်စီး

By Development Media Group (DMG)/ 2021June 7

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ယာစ်မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ကိုယ်ထူကိုယ်ထစိုက်ပျိုးထားသည့် ဒီရေပင်တစ်သိန်းကျော်ထဲမှ တစ်ထောင်ကျော်ပျက်စီးသွားကြောင်း ဒီရေပင်စိုက်ပျိုးနေသူများထံမှ သိရသည်။

အမ်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်များတွင် ဧက ၂၀၀၀ ကျော်အတွင်း ကိုယ်ထူကိုယ်ထ စိုက်ပျိုးထားသည့် ဒီရေတောသစ်ပင် တစ်သိန်းကျော်ထဲမှ တစ်ထောင်ကျော်ပျက်စီးသွားခြင်းဖြစ်ကြောင်း အမ်းမြို့နယ်ဒီရေသစ်ပင်များထိန်းသိမ်းရေးအဖွဲ့မှ ကိုမျိုးလွင်က ပြောသည်။

” အပင်တွေကသေးတော့ မုန်တိုင်းဒဏ်မခံနိုင်ဘူး။ အပင်ကတော့ တစ်ထောင်ကျော်လောက် ပျက်စီးသွားတယ်။ ကိုယ်ထူကိုယ်ထစိုက်ပျိုးနေရတာဆိုတော့ အခက်ခဲတွေရှိတယ်။ ပျက်ဆီးသွားတဲ့ အပင်တွေနေရာမှာ ပြန်ပြီးတော့ အစား ထိုးစိုက်ပျိုးနေတယ်။ ” ဟု ပြောသည်။

မုန်တိုင်းဒဏ်နှင့် ရေလှိုင်းပြင်းထန်မှုကြောင့် ကမ်းပါးများပြိုကျ၍လည်း ဒီရေပင်များပျက်စီးသွားသည်ဟု ကိုမျိုးလွင်ကပြေသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒိန်းမတ်နိုင်ငံမှ ရခိုင်နှင့်တနင်္သာရီ ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည်ထိန်းသိမ်းရန် အမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော် ထပ်မံထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်သည့်အတွက် ယင်းအမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော်ကို မပေးတော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက သိရသည်။

ဒီရေတောများကိုခုတ်လှဲပြီး အုတ်များဖုတ်ရာတွင် ထင်းအဖြစ်အသုံးပြုခြင်းနှင့် မီးသွေးအဖြစ်ပြုလုပ်ကာ ရောင်းချလျှက်ရှိနေသည်ဟု ကိုမျိုးလွင်က ဆိုသည်။

“ခုတ်ရတဲ့အကြောင်းအရင်းကတော့ ဒေသခံတွေက အလုပ်အကိုင်တွေ ရှားပါးလာတယ်။ နောက်ပြီး ကိုဗစ် -၁၉ ကလည်းဖြစ်နေတော့ ဒေသခံတွေ ပိုပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီရေတောတွေ ကိုမှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့သူတွေလည်း ရှိလာတယ်။ သူတို့ကတော့ အုတ်ဖုတ်တဲ့သူတွေနဲ့ မီးသွေးတွေ ပြုလုပ်ဖို့အတွက် ခုတ်ပြီးရောင်းချတာဖြစ်တယ်” ဟု ပြောသည်။

ထိုသို့ဒီရေတောများကိုခုတ်လှဲခြင်းကြောင့် ယခုအခါ ဒီရေတောများ ပြုန်းတီးရှားပါးလာပြီး ပြန်လည် ထိန်းသိမ်းရန် လိုအပ်လာနေကြောင်း ၎င်းကဆိုသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တော ခရိုင်တွင် ၅၃၂၀ ဧက ၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူ ခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ သိရသည်။

“ကျွန်တော်တို့ကတော့ ငါးနှစ်တစ်ကြိမ် ဒီရေတောဧက ဘယ်လောက်ရှိတာကို ကောက်တာဖြစ်တဲ့အတွက် ၂၀၂၀ ပြီးရင် ကျွန်တော်တို့ ဒီရေတောတွေ ပျက်စီးမှုတွေရှိလား၊ မရှိဘူးလားဆိုတာကို (FDCCA) နဲ့ စာရင်းတွေ ကောက်မယ်” ဟု ပြည်နယ်သစ်တောဦးစီဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်က ပြောသည်။

သို့သော် မြေပုံမြို့နယ်တွင် နယ်မြေလုံခြုံရေးအရ ဒီရေတောစိုက်ပျိုးခြင်းများ ရပ်ဆိုင်းထားပြီး ရမ်းဗြဲမြို့နယ်ကို FDCCA ၏ ၅ နှစ်စီမံကိန်းအရ နှစ်စဉ်ဒီရေတော ၂၅၀ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အလားတူ ၂၀၁၉ နိုဝင်ဘာလအတွင်းက မာန်အောင်ဒေသ၌ သိမ္ဗလကျေးရွာအပါအဝင် ဒီရေတော ၇ ခုကို ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၂၀၀)တန်ဖိုးရှိ ဒီရေပင်များကို သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောထိန်းသိမ်းရေး အဖွဲ့(Harp)နှင့် လူသားချင်းအထောက်အကူပြုအဖွဲ့(MSN)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RBANCA)က လက်ရှိအချိန်တွင် နံသာကျွန်းနှင့် မေယုမြစ်ဝအနီး ပေါက်ရောက်လျှက်ရှိသော ဒီရေတောများကို အဓိကထားပြီးထိန်းသိမ်း သွားမည်ဖြစ်ကြောင်း RBANCA ၏ အတွင်းရေးမှူး ကိုရန်နောင်စိုးက DMG သို့ ပြောသည်။

“ကျွန်တော်တို့က အခုရှိနေတဲ့ဒီရေတောတွေကို ပြုန်းတီးမသွားဖို့အတွက် ဒေသခံတွေနဲ့ပူးပေါင်းပြီး အတတ် နိုင်ဆုံး ကာကွယ်သွားမယ်။ ဒီရေတောအပင်တစ်ပင် စိုက်ပျိုးမယ်ဆိုရင် နှစ်ပေါင်းများစွာကြာပြီးမှ အပင်ကြီး တစ်ပင်ဖြစ်လာမယ်။ ဒါကြောင့် ရှိနေတဲ့ဟာကို မပြုန်းတီးအောင် နံပါတ်(၁)အနေနဲ့ ကာကွယ်သွားမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

နံသာကျွန်းနှင့် မေယုမြစ်ဝအနီးတွင် ဒီရေတောဧရိယာ ဧက ၃၀၀ ခန့်ရှိကြောင်း ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ သိရသည်။

လက်ရှိအနေအထားတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိပြီး ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာ၊ ငါးနေ၊ငါးထိုင်နေရာများ ပျက်စီးဆုံးရှုံးမှု များပြားလာနေကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဆိုကြသည်။

https://www.facebook.com/dmgnewsagency/posts/2032337846918616

Leave a Reply

Your email address will not be published.