ဘင်္ဂလာပြန် နောက်ထပ် ၃ ဦးတွင် ကိုဗစ်ပိုးတွေ့၊ စစ်တွေတွင် ကိဗစ် ၁၉ တွေ့သူ ၁၆ ဦးထိရှိလာ

By Narinjara/ 2021 June 2

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ စစ်တွေတွင် နောက်ထပ် ၃ ဦးတွေ့ရှိခဲ့ပြီး လက်ရှိ ကိုဗစ်ပိုး-၁၉ တွေ့ရှိသူ ၁၆ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။

အဆိုပါ ၃ ဦးမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူများဖြစ်ပြီး ၄င်းတို့ကို ကွာရန်တင်းသွင်းထားရာမှ ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် စစ်ဆေးခဲ့စဉ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာ ကြည်လွင်က ပြောသည်။

“သူ့တို့ကို စစ်ဆေးတာက မနေ့က စစ်ဆေးတာပေါ့နော်။ အဲဒီမှာ တွေ့တာပါ။ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတွေပေါ့။ ရောဂါကတော့ သူတို့မှာ ဘာလက္ခဏာမှ မရှိဘူးပေါ့။ ကျွန်တော်တို့က လာသမျှလူကို ကွာရန်တင်းထားတဲ့နေရာမှာ စစ်တဲ့ကိစ္စရှိပါတယ်။ ကျွန်တော်တို့မှာ သံသယလူနာတွေထဲကတော့ တွေ့တာတွေမရှိသေးပါဘူး။” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူများကို ကျန်းမာရေးဌာနမှ ပုံမှန်စစ်ဆေးပေးခြင်းများရှိကြောင်း ၄င်းက ဆက်ပြောသည်။

“ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်ဘက်ကနေ နယ်စပ်ကုန်သွယ်ရေးက လမ်းကြောင်းတွေက ဝင်လာတဲ့သူတွေ အားလုံးကို ပုံမှန်စစ်ဆေးနေတာရှိပါတယ်။ အဲဒီတော့ လာတဲ့သူတွေအားလုံးကို ကွာရန်တင်းထားပြီးတော့ သုံးရက်မြောက်တဲ့နေ့နဲ့ ခုနှစ်ရက်မြောက်တဲ့ နေ့တွေမှာ ပုံမှန်စစ်ဆေးပါတယ်”ဟု ပြောသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၆ ဦးရှိပြီဖြစ်ကြောင်း ဒေါက်တာကြည်လွင် ပြောပြချက်အရ သိရသည်။

၄င်းတို့မှာ မေလ ၁၂ ရက်နေ့က ၄ ဦး၊ မေလ ၁၄ ရက်နေ့ ၁ ဦးနှင့် ၁၈ ရက်နေ့က ၁ ဦးဖြစ်ပြီး မေလ ၂၁ ရက်နေ့တွင် ၇ ဦးအပြင် ယမန်နေ့ ဇွန်လ ၁ ရက်နေ့က ၃ ဦး စုစုပေါင်း ၁၆ ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လူနာများမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့ပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခြင်းခံခဲ့ရကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4374683339210376

Leave a Reply

Your email address will not be published.