By Narinjara/ 2021 June 7
ဆောင်းဇာခြည်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် မိုး ပညာဒါနပရဟိတသင်တန်းကျောင်းဥက္ကဋ္ဌပါ ၇ ဦးနှင့် အဆက်အသွယ်မရ၍ မိသားစုများ အထူးစိုးရိမ်နေကြောင်း သိရသည်။
မိုး ပညာဒါနပရဟိတသင်တန်းကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် (၄၁) နှစ်နှင့် အခြား ၆ ဦးတို့သည် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲ သွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းနိုင်၏ မိသားစုဝင်များက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် ယနေ့အထိ သတင်းအစန တစ်စုံတရာမရ၍ အထူး စိုးရိမ်နေသည်ဟု ဦးအောင်ဝင်းနိုင်၏ ဇနီး ဒေါ်တွယ်တာစိုးက နိရဥ္စရာကို ပြောသည်။
“ကျမယောက်ျားက သံတွဲကို အိမ်က ကားနဲ့ထွက်သွားတာ။ ထွက်သွားတုန်းကတော့ သူတစ်ယောက်တည်းပါ။ စက်လှေမှာ စက်ပျက်နေလို့ စက်သွားလုပ်တာ။ အဖမ်းခံရတော့ ခုနစ်ယောက်လို့ သတင်းရပါတယ်။ တပ်မတော်က ဖမ်းသွားတာလို့ သိရပါတယ်။ ကျန် ၆ ယောက်က ဘယ်ကလဲမသိပေမဲ့ သူပရဟိတလုပ်နေတဲ့ မိုးပညာဒါနကျောင်းကသူတွေလို့တော့ ထင်ပါတယ်။ ဘာကိစ္စကြောင့် ဖမ်းထားမှန်းလည်း မသိရဘူး။ ကျွန်မတို့ အရမ်းစိုးရိမ်နေကြပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လွှတ်ပေးစေလိုပါတယ်။” ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် ဦးအောင်ဝင်းနိုင်သည် မိုးပညာဒါနပရဟိတသင်တန်းကျောင်းတွင် လိုအပ်သည်များကို တာဝန်ယူဖြေရှင်းပေးနေသူဖြစ်သည်ဟုလည်း ထိုကျောင်းမှ ဆရာတော် ဒေါက်တာ အရှင်သိရိန္ဒက နိရဥ္စရာသို့ မိန့်သည်။
“သူက မိတ်ဆွေအပေါင်းအသင်းများတယ်။ သဘောကောင်းတယ်။ ရေလုပ်ငန်းတွေ မော်တော်စက်လှေတွေနဲ့ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်တယ်။ ဒီကျောင်းမှာ လိုအပ်တာတွေကို သူပဲ လုပ်ပေးနေတာပါ။ သူက တကယ့်ကို ပရဟိတသမားစစ်စစ်ပါ။ စိတ်ထားလည်း ဖြူစင်ပါတယ်။ ဦးဇင်း သူအဖမ်းခံရတယ်ကြားလို့ စိတ်မကောင်းတောင်ဖြစ်ရပါတယ်။ တောင်ကုတ်မှာ ဒီကျောင်းတစ်ခုလည်ပတ်နေဖို့အတွက် အလွန်တရာမှ အရေးကြီးတယ်လေ။” ဟု မိန့်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ထိုသတင်းနှင့်ပတ်သက်ပြီး ၄င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။
တောင်ကုတ်မြို့မရဲစခန်းအားလည်း နိရဥ္စရာက ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
လက်ရှိတွင် သူတို့ ၇ ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသည်ကိုလည်း မသိရ၍ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေရသည်ဟု မိသားစုများက ပြောသည်။
မိုး ပညာဒါနပရဟိတသင်တန်းကျောင်းသည် တောင်ကုတ်မြို့၏ မြောက်ဘက် ၈ မိုင်နှင့် ၄ ဖာလုံအကွာအဝေးရှိ မိုးတောင်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ယင်းကျောင်းတွင် အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းများအပြင် စိုက်ပျိုးရေးပညာများအား သင်ကြားပေးနေပြီး ပြီးခဲ့သည့် ဧပြီလမှစတင်ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်။ နောက်ပိုုင်းတွင် ဒေသတွင်း အလုပ်လက်မဲ့များအတွက် ဝပ်ရှော့များကိုလည်း ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါကျောင်း၌ တောင်ကုတ်မြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား ၅ဝ ခန့် တက်ရောက်သင်ကြားနေကြကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4390499160962127