ပြိုပျက်နေသော စညှင်းစစ်ရှောင်စခန်းပြန်လည်ဆောက်လုပ်ရာတွင် ငွေကြေးမလုံလောက်မှုဖြစ်နေ

By Western News/ 2021 June 24

ဓာတ်ပုံ- သဘာဝနဒီ

မြေပုံမြို့နယ် စညှင်းစစ်ရှောင်စခန်းတွင် ပြိုပျက်နေသောယာယီတဲအိမ်အားလုံးကို ပြန်လည်ဆောက်လုပ်နေရာ ငွေကြေးပိုင်း လုံလောက်မှုမရှိဖြစ်နေကြောင်း စခန်းမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။

ပုဂ္ဂလိကစေတနာရှင်များ၏ အကူအညီဖြင့်တည်ဆောက်နေရခြင်းဖြစ်ရာ တဲအိမ်အားလုံးအပြီးအစီးဆောက်လုပ် နိုင်ရန်ငွေကြေးပိုင်း အခက်အခဲများရှိကြောင်း စခန်းမှ တာဝန်ရှိသူ ကိုယ်တော် အရှင်သဘာဝနဒီ မှ မိန့်သည်။

“စခန်းကမနှစ်ကတည်းကဆောက်ထားတာ ဝါးတိုင်တွေနဲ့ဆိုတော့ ခိုင့်ခံ့မှုကမရှိဘူး။ ပြီးတော့ ဒီနှစ်မိုးရာသီမှာ မုန်တိုင်းတိုက်တာတွေကြောင့်လည်း ပြိုသွားတာတွေရှိတယ်။ နေရေးထိုင်ရေးက ဘယ်လိုမှအဆင်မပြေတော့ ခုလိုမျိုး ပြန်ဆောက်နေရတာပါ။ ပုဂ္ဂလိက စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ပဲ ရသလောက်လေး ဆောက်လုပ်နေရတာဆိုတော့ တဲအိမ်အားလုံးဆောက်လုပ်နိုင်ဖို့အတွက် ငွေရေးအခက်အခဲတွေရှိတယ်” ဟုဆိုသည်။

ဆောက်လုပ်သည့်တဲအိမ်များမှာ သစ်တိုင်၊ ကြမ်းခင်း၊ ထရံကာ၊ ဓနိမိုး ပုံစံမျိုးဖြစ်ပြီး တဲအိမ်အလုံး ၁၀ ကျော်ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် ကျန်တဲအိမ်များဆောက်လုပ်နိုင်ရန်လည်း တတ်နိုင်သလောက်ကြိုးပမ်းနေရကြောင်း ဆက်မိန့်သည်။

တဲအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်နေကြခြင်းဖြစ်ပြီး တဲအိမ်ဆောက်လုပ်နေမှုကြောင့်စားဝတ် နေရေးပိုင်းတွင် အကျပ်အတည်းဖြစ်နေရကြောင်း စခန်းတွင်နေထိုင်သည့် ကိုတင်အောင်ဝင်း မှပြောသည်။

“တဲအိမ်တွေကို အားလုံးစုပေါင်းပြီးဆောက်နေတာပါ။ အိမ်ဆောက်နေတော့ စခန်းမှာ စားဝတ်နေရေးပိုင်းတွေ ကျပ်တည်းမှုရှိတယ်။ အိမ်တွေက မိုးတွင်းမှာနေလို့လုံးဝအဆင်မပြေတော့တဲ့ အတွက်ပြန်ဆောက်နေရတာပါ။ အိမ်ကလည်း ၁၀ ကျော်လောက်ပဲပြီး သေးတာဆိုတော့ တစ်ခြားအိမ်တွေဆောက် ဖို့လည်းကျန်နေသေးတယ်။ အလှူရှင်တွေကလည်း သိပ်မရှိဘူး” ဟုဆိုသည်။

လက်ရှိတွင် စညှင်းစစ်ရှောင်စခန်း၌ အိမ်ထောင်စု ၉၀ ခန့်နှင့် လူဦးရေ ၂၈၇ ယောက်ရှိပြီး စစ်ရှောင်များမှာ အင်ကြင်း၊ လီသွန်၊ စညှင်းနှင့် ဒါးလက်ချောင်းကျေးရွာတို့မှ လာရောက်ခိုလှုံနေကြသူများဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/316593073480537

Leave a Reply

Your email address will not be published.