By Narinjara/ 2021 June 4
ဆောင်းဇာခြည်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ညအချိန် ပေါက်ကွဲမှုဖြစ်၍ လူ ၄ ဦးသေဆုံးကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူ ၄ ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ မောင်စိုးဝင်းနိုင် (၂၂)နှစ်၊ မောင်နိုင်နိုင်ထွန်း (၂၂) နှစ်၊ မောင်ဦးကျော်ညွှန့် (၂၅) နှစ်နှင့် မောင်မောင်ချေ (၂၇) နှစ်တို့ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးစိန်အောင်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“သူတို့က ညဉ့် ၁ နာရီ အချိန်မှာ ဖားသွားရှာပြီး အိမ်ကို ပြန်လာကြတာ။ သူတို့လေးယောက်သွားကြတာပေါ့။ အဲဒီကအပြန် လက်ပစ်ဗုံးတစ်ခု ကောက်ရခဲ့တယ်။ အဲဒါကို ယူခဲ့ပြီးတော့ မြို့ပတ်လမ်းတံတားအနားမှာ၊ ပုဏ္ဏားကျွန်းဆေးရုံကြီးအနောက်ဘက်ပေါ့။ အဲဒီအနားမှာ သူတို့ရလာခဲ့တဲ့ ဖားတွေကို မီးကင်ဖို့အတွက် မီးဖိုတယ်။ အဲဒီမှာ လက်ပစ်ဗုံးက အပူနဲ့ ပေါက်ကွဲသွားတာလို့ ယူဆရတယ်လို့ ရဲတွေက ပြောပါတယ်။ သူတို့အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးချက်အရ အဲလိုပုံစံရှိတယ်ပေါ့နော်” ဟု ပြောသည်။
ထိုသို့ပေါက်ကွဲမှုမှာ ပြင်းထန်ပြီး ပေါက်ကွဲသံအား ပုဏ္ဏားကျွန်းမှ ဒေသခံအချို့မှာ ကြားလိုက်ကြကြောင်းလည်း သူက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိန်လှအား နိရဥ္စရာမှဆက်သွယ်ခဲ့ရာ ဖြစ်စဉ်အား အတည်ပြုပြီး အသေးစိတ်ဖြစ်စဉ်အာ ရဲအရာရှိများက စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း ပြောကြားသည်။
ဖြစ်စဉ်အသေးစိတ်အားသိလို၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းအား နိဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်အား မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
https://www.facebook.com/narinjara.info/posts/4379820355363341