ပလက်ဝမြို့တွင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်ထွက်သွား

By Western News/ 2021 June 17

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သံထောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ကျေးရွာ၏ တစ်ဖက်ကမ်းရှိတောင်ပေါ်၌ မျှစ်ခူးနေစဉ်မိုင်းနင်းမိကာ ပေါက်ကွဲမူဖြစ်ပွားခဲ့သဖြင့် ၎င်းနေရာမှာပင် ညာဖက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ခြေထောက်ပြတ်ထွက်သွားခဲ့ရသူမှာ ဒေါ်ဆိပ်ဟော်အသက် ၄၀ ကျော်ခန့် ဖြစ်ပြီး ၎င်းမှာမြောက်ဦးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသ မူခံယူနေရကြောင်း ဒေါ်ဆိပ်ဟော်၏ ဦးလေးဖြစ်သူ ဦး‌အောင်အောင်သန်းကပြောသည်။

“ သူမက မနေ့ကမျှစ်ခူးနေတာ။ အဲဒီအချိန်မှာ မိုင်းတစ်လုံးကိုနင်းမိလို့ ပေါက်ကွဲသွားတယ်။ မိုင်းပေါက်ကွဲတဲ့ နေရာမှာပင် ညာဖက် ခြေထောက်ပြတ်ထွက်သွားတယ်။ ရွာသားတွေကသူမကို မြောက်ဦးဆေး ရုံကိုပို့လိုက်ကြတယ်။ ဘယ်ဖက်ခြေ‌‌ထောက်ကိုလည်း ဖြတ်ရဖို့အခြေအနေရှိတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း မိုင်းဒဏ်ရာတွေရသွားတယ်။ စိုးရိမ်စရာတော့မရှိတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနေ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု ဒေသခံများကပြောသည်။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/312144803925364

Leave a Reply

Your email address will not be published.