By Development Media Group (DMG)/ June 21

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညနေ ၇ နာရီမှ ည ၁၀ နာရီထိ နေ့စဉ်ပုံမှန်ပေးနေသည့် လျှပ်စစ်မီးအား ဇွန်လ ၂၁ ရက်နေ့မှစပြီး လျှပ်စစ်မီးဖြတ်မည်ဟု နှိုးဆော်ခဲ့သော်လည်း ဒီဇယ်ဆီမှာ ယနေ့ ရောက်ရှိလာမည်ဖြစ်သည့်အတွက် ဖြတ်တောက်တော့မည် မဟုတ်ကြောင်း ပလက်ဝမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ပလက်ဝမြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့မှစပြီး မီးပြတ်တောက်နိုင်ကြောင်း ပြည်သူလူထုထံသို့ အသိပေးနှိုးဆော်မှုများလုပ်ထားသော်လည်း ယနေ့တွင် ဒီဇယ်ဆီရရှိသည့်အတွက် မီးမပြတ်တောက်ဟု ပလက်ဝမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်မှူး ဦးနိုင်နိုင်ကြီးက ပြောသည်။
“ ကျနော်တို့ လောင်စာဆီကို သယ်ယူထားဖို့ကို လုပ်ထားတယ်။ ကျောက်တော်ကနေ ၉ နာရီ ၁၀ မီနစ်ကနေ ထွက်လာပါပြီး၊ ဆိုတော့ ကျနော်တို့ ဓာတ်အားဖြတ် တောက်ဖို့မရှိနိုင်ပါဘူး။ နှိုးဆော်ထားတာက ပြည်သူလူထုကို ကျနော်တို့က အသိပေးပန်ကြားထားတာပါ။ တကယ်လို့များ ဒီဇယ်ဆီက မရောက်ခဲ့သော် ဒီလိုဓာတ်အားပြတ်တောက် နိုင်ပါတယ်ဆိုတဲ့ အကြောင်းကို အသိပေးပန်ကြားတဲ့သဘောပါ၊ ရောက်လာလို့ရှိရင်တော့ ကျနော်တို့က မဖြတ်တောက်ဘဲ ပုံမှန်ပေးသွားမယ်ဆိုတဲ့ သဘောပါ ” ဟု ဆိုသည်။
ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီးရရှိမူမှာ တစ်နေ့ ၃ နာရီသာ ရရှိခြင်းဖြစ်ပြီး ယခုထက်ပိုမိုရရှိရန် ဒေသခံများ လိုလားနေကြသည်။
မြို့မရပ်ကွက်မှ မယမင်းက “ တစ်ရက် ၃ နာရီပဲဆိုတော့ အဆင်မပြေဘူးလေ၊ ဒီထက်ပိုရဖို့တော့ မျှော်လင့်ပါတယ်၊ အခုတရက် ၃ နာရီဆိုတော့ ဘာမှလုပ်မရဘူး၊ ညနေဖက်ပေါ့နော်၊ ပြီးတော့ မီးလင်းတာကလည်း ၁၀ နာရီအထိပဲဆိုတော့၊ ၁၁ နာရီကျော် တခုခုဆို မီးကမရှိတော့ဘူး၊ အဆင်မပြေတာတော့ များတာပေါ့ ။ တခြားအလုပ်ကိစ္စတွေလည်း အဆင်မပြောတော့ ဒီထက်ပိုရဖို့မျှော်လင့်ပါတယ် ” ဟု ဆိုသည်။
ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်လေးခုတွင် ရွာမရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရိက္ခာရပ်ကွက်တို့ကိုသာ လျှပ်စစ် မီးပေးခြင်းဖြစ်ပြီး တစ်ရက်တွင် ပျမ်းမျှ ဒီဇယ် ၈၃ ဂါလံကနေ ၈၅ ဂါလံအထိ အသုံးပြုရကြောင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ ကျန်ရပ်ကွက်တစ်ခုဖြစ်သည့် တည့်ဝရပ်ကွက်မှာ မြို့နှင့် ၃ မိုင်ခွဲ အကွာလောက်တွင်ရှိနေ၍ မပေးနိုင်သေးကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီးခွဲတမ်းအရ တစ်ရက်တွင် ၄ နာရီပေးရန် လျှာထားခြင်းဖြစ်သော်လည်း တခါတလေတွင် လမ်းပန်းဆက်သွယ်ရေးအရ ဒီဆယ်ဆီ မရောက်နိုင်သည့်အနေအထားကြောင့် ၃ နာရီလောက်သာ ပေးခြင်းဖြစ်သည်။
တဖက်တွင်လည်း ပလက်ဝနှင့်ကျောက်တော်လမ်းတွင် မေလက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လမ်းပိတ်ထားခြင်းဖြစ်သော်လည်း ကိုဗစ်ကြောင့်ဟုဆိုကာ စက်လှေများ သွားလာမှုကို ပိတ်ထားသည်ဟု ပလက်ဝဒသခံ ကိုတင်ထူးအောင်ကပြောသည်။
https://www.facebook.com/dmgnewsagency/posts/2043102925842108