By Narinjara/ 2021 June 4
ထက်အောင်

ပလက်ဝမြို့ကို ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်း လမ်းကြောင်းအားလုံးကို စစ်တပ်က ယာယီ ပိတ်ထား၍ လက်ရှိအချိန်တင် ဆန်မှအပ ကျန်စားသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်များ အနည်းငယ်စီ စတင် မြင့်တက်လာနေပြီဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ပလက်ဝမြို့ မြို့မရပ်ကွက်နေ ဒေသခံတစ်ဦးသူက “ အခုက လမ်းကြောင်းတွေ အကုန်လုံးပိတ်ထားတယ်။ လောလောဆယ်ကတော့ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စားသုံးကုန်ဈေးနှုန်းတွေက အရင်နဲ့ စာရင် အနည်းငယ် မြင့်တက်နေတယ်။ ဆန်ဈေးကတော့ ပုံမှန်အတိုင်းရှိတယ်။ ဆန်က အိမ်တိုင်းလိုလိုမှာ သိုလှောင်ထားတာရှိတယ်။ ကုန်ဈေးတွေကတော့ လမ်းကြောင်းအသွားအလာမရှိရင် တက်တယ်။ လမ်းကြောင်းကလည်း ဘယ်အချိန်ဖွင့်မလဲမသိသေးဘူး။” ဟု ပြောပြသည်။
ပလက်ဝမြို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းနှစ်ခုရှိပြီး တစ်ခုမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ဆက်သွယ်သည့် ရေကြောင်း (ကုလားတန်မြစ်)၊ ကုန်းကြောင်း(ကားလမ်း)ဖြစ်ပြီး နောက်တစ်ခုမှာ မန္တလေးတိုင်း ပခုက္ကူမြို့နယ်နှင့် ဆက်သွယ်ထားသည့် ကုန်ကြောင်းလမ်းဖြစ်ကြောင်း သိရသည်။
ပလက်၀မြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကစပြီး အသွားအလာများကို ဒေသအာဏာပိုင်များက ကန့်သတ်လိုက်ကြောင်း၊ ယနေ့ ဆိုလျှင် (၇) ရက် တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့သို့ ဆက်သွယ်ထားသည့် ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို တားမြစ်ထားခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် အပတ်က မြို့တွင်းပေါက်ကွဲမှုအပါအဝင် ကိုဗစ် ၁၉ ရောဂါ၊ မိုးသက်လေပြင်းကျရောက်မှုကြောင့် မြေပြိုမှုများဖြစ်လေ့ရှိသည့် ပလက်ဝဒေသတွင်း အခြေအနေ အရပ်ရပ်ကြောင့် အသွားအလာ တားမြစ် ထားခြင်း ဖြစ်နိုင်ကြောင်း ပလက်ဝမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။
“ အခုအချိန်ထိတော့ ဘာမှမကြားရသေးဘူး။ လုံခြုံရေးအခြေအနေ စိတ်ချရရင်တော့ ခရီးလမ်းတွေ ပြန်ပြီးဖွင့်ပေးမယ်ထင်ပါတယ်။ ပိတ်ထားတဲ့အကြောင်းအရာတွေကတော့ များပါတယ်။ လုံခြုံရေးကိစ္စတွေရော များပါတယ်။ ပခုက္ကူလမ်းပိုင်းဆိုရင်လည်း ကျနော်တို့ဖွင့်ထားပေမယ့် ကုန်းလမ်းဆိုတော့ မိုးတွင်းဆိုရင် ကားကလာချင်မှလာမှာ လမ်းကတော်တော်ဆိုးတယ်။ ဒီလမ်းကို ကားတွေကမလာချင်ကြဘူး။ ကျောက်တော်ဖက်ကတော့ သွားရလာရ အကောင်းဆုံးပါပဲ။ လမ်းကြောင်းက ဘယ်တော့ဖွင့်မလဲဆိုတာ ပြောရခက်တယ်။ အခုအခြေအနေကောင်းရင် အခုပြန်ဖွင့်လို့ရတယ်” ဟု ပြောသည်။
ကျောက်တော်- ပလက်ဝ လမ်းကြောင်းသည် ဆက်သွယ်သွားလာရလွယ်ကူပြီး မန္တလေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ပလက်ဝမြို့နယ်သို့ သွားသည့်လမ်းကြောင်းသည် မိုးရာသီအတွင်း မြေပြိုမှုများရှိ၍ သွားလာရခက်ခဲကြောင်း ဒေသအာဏာပိုင်နှင့် အလက်ဝမြို့ဒေသခံများက ပြောသည်။
ပလက်ဝနှင့် ကျောက်တော်လမ်းပိုင်းသည် ကုန်စည်ပို့ဆောင်ရလွယ်ကူပြီး ယေဘုယျအားဖြင့် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခ (၁၅၀၀) လောက်ဆိုလျှင် အိမ်အထိ ရောက်ကြောင်းနှင့် ပခုက္ကူလမ်းပိုင်းဆိုလျှင် လမ်းကြမ်းသည့်အတွက် ပလက်ဝကိုရောက်ဖို့ (၂) ရက်လောက်ကြာပြီး ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခ တစ်သောင်းခန့် ကုန်ကျကြောင်းသိရသည်။
ပလက်ဝမြို့အထက်ဖက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း သွားလျှင် တရွန်အိုင်နှင့် ချင်းလက်ဝအထိ ရေကြောင်းသွားလာရေးအဆင်ပြေပြီး မတူပီနှင့် မင်းတပ်မြို့ဖက်ကို သွားလျှင် ကားလမ်းကိုအသုံးပြုရပြီး လမ်းပမ်းဆက်သွယ်ရေးအလွန်ခက်ခဲကြောင်း ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ပလက်ဝမြို့တွင်း ပေါက်ကွဲ(၂) ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်သွားလာမှုများကို အာဏာပိုင်များက ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ထိုလမ်းကြောင်းများအား ရေရှည်ပိတ်ပင်ထားပါက ကုန်ဈေးနှုန်းများအဆမတန် ထိုးတက်လာမည်ကို ဒေသခံများကြား စိုးရိမ်မှုများရှိနေသည်။
ပလက်ဝ စားသုံးကုန်တွေရဲ့ လက်ရှိ ဈေးနှုန်း ပေါ်ဆန်းမွှေး(ဆန်) တစ်အိတ်- ၅၅,၀၀၀ ကျပ်၊ ဆန်(ရိုးရိုး) တစ်အိတ် ၃၅,၀၀၀ ကျပ်၊ ငါးပိရိုးရိုး (၁ ပိဿာ)- ၄,၀၀၀ ကျပ်၊ ပဲဆီ (၁ ပိဿာ) – ၆,၀၀၀ ကျပ်၊ ကြက်သွန်နီ (၁ ပိဿာ)- ၁,၀၀၀ ကျပ်၊ ကြက်ဥ (၁,၀၀၀ ကျပ်ဖိုး) – ၇ လုံး၊ ကြက်သွန်ဖြူ (၁ ပိဿာ) – ၄,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် (၁ ပိဿာ) – ၆,၀၀၀ ကျပ်၊ ငရုတ်သီး (၁ ပိဿာ) – ၇,၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/narinjara.info/posts/4379992582012785