By Western News/ 2021 June 11
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ ပလက်ဝမြို့ပေါ်တွင် ဗုံးနှစ်လုံးရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားပြီး အသွားအလာကန့်သတ်ပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာနေပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၅၀၀၀၀ ကျပ်မှ ယခု ၇၀၀၀၀ ကျပ်အထိစျေးနှုန်းများ မြင့်တက်နေကြောင်း ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဒေသခံများကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပလက်ဝမြို့တွင် ကုလားတန်မြစ် အထက်ပိုင်း၊ အောက်ပိုင်းသို့သွားသည့် ရေလမ်းကြောင်းနှင့် ကျောက်တော်-ပလက်ဝလမ်းကြောင်းတို့ကို မေလ ၃၀ ရက်မှစတင်ကာ အသွားအလာ ကန့်သတ်လိုက်သည်။
ယင်းသို့ကန့်သတ်ထားခြင်းကြောင့် ပလက်ဝမြို့တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်လာနေပြီး ဆန်ကြမ်းတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ထိ ဈေးတက်နေကြောင်း ပလက်မြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးစောလွင်က Western News ကိုပြောသည်။
“ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ပလက်ဝရဲ့အထက်ပိုင်းနဲ့ အောက်ပိုင်းကိုသွားလာနေကြတဲ့လမ်းကို အတက်အဆင်း အားလုံးပိတ်ထားတယ်။ ပြီးတော့ ကိုဗစ်ကလည်း တွေ့တယ်ဆိုတော့ ကုန်ဈေးနှုန်းတွေက အဆမတန်တက်နေတယ်။ အခုဆိုရင် ဆန်ကြမ်းတစ်အိတ်ကို ၅၀၀၀၀ ထိတက်နေတယ်။ ဝယ်ဖို့ရှာလို့လဲ မရတော့ဘူး။ သွားရလာရတာလည်း အဆင်မပြေဘူး”ဟုပြောသည်။
ပလက်ဝတွင် ယခင်က အိန္ဒိယချေ (ရခိုင်အခေါ်) ဆန်တစ်အိတ်ကို ၃၅၀၀၀ ကျပ်မှ ယခု ၅၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၅၀၀၀၀ ကျပ်မှ ယခု ၇၀၀၀၀ ကျပ်နှင့် စာသုံးဆီတစ်လီတာကို ၂၀၀၀ ကျပ်မှ ယခု ၄၀၀၀ ကျပ်ထိရှိနေသလို အခြားကုန်ဈေးနှုန်းများ မှာလည်း အဆမတန်မြင့်တက်နေကြောင်း ဦးစောလွင်က ပြောသည်။
ပလက်ဝမြို့ခံတစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်က”အခုလက်ရှိမှာတော့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေလုံလုံ လောက်လောက်မရှိဖြစ်နေတယ်။ မြို့ပေါ်က ဆန်ရောင်းတဲ့ဆိုင်တွေမှာဆိုရင် ဆန်အိတ်တွေ မရှိတော့ဘူး။ ရှာလို့လဲမရတော့ဘူး။ ပြီးတော့ သက်ဆိုင်ရာတွေက ကုန်းလမ်းနဲ့ရေလမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက်ကြောင့် ကုန်စည်စီးဆင်းမှုက မရှိဘူး ဖြစ်နေတယ်။ ကိုဗစ်ကလည်း တွေ့တယ်ဆိုတော့ ပိုဆိုးတာပေါ့” ဟုပြောသည်။
လက်ရှိအချိန် ပလက်ဝတွင် ကိုဗစ်ပိုးတွေ့လူနာများ ၇ ဦးရှိနေသလို မြို့နယ်အတွင်းမှ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများကိုလည်း ဇွန်လ ၉ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိယာယီပိတ်ထားကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/308412320965279