တောင်ကုတ်ယာဉ်တိုက်မှု လူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိ

By Development Media Group (DMG)/ June 19

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာနှင့် ပေါက်ပြင်ကျေးရွာအနီးတွင် ဇွန်လ ၁၈ ရက်နေ့ ညနေ ၂ နာရီ ကျော်ခန့်တွင် ကားသုံးစီးဆင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးရွာသွန်းထားသည့်အတွက် လေအိုက်ကား (ရတနာ) မှာ အရှိန်ဖြင့် လမ်းတစ်ဖက်ခြမ်းသို့ လမ်းလျှော်သွားပြီး ဝိတ်အပြည့် ၁၂ ဘီးကားကြီးနှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ ယင်းအပြင် လေအိပ်ကား(ရတနာ)နောက်မှ ကပ်လိုက်လာသော ရခိုင့်အားမာန်ကားမှာလည်း ရတနာကား နောက်ဖက်ကို ဆက်တိုက် တိုက်မိခဲ့သည်ဟု သိရသည်။

ကားတိုက်မှုဖြစ်ခြင်းကြောင့် လူအသေအပျောက်မရှိဘဲ လူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြသည်။

ရှင်သန်ရေးကူညီမှုအဖွဲ့မှ ၃ နာရီကျော်ခန့်တွင် အရေးပေါ်ကား ၂ စီးဖြင့် လာရောက်ပြီး ဆေးဝါးများနှင့် အရေးပေါ်ကယ်ဆယ်ရေးများကို ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။

တောင်ကုတ်မြို့နယ် ရှင်သန်ရေးကူညီမှုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “ ရတနာကားနဲ့ ၁၂ ဘီကားနဲ့ တိုက်တဲ့အခါမှာ ၁၂ ဘီးကုန်တင်ကားဒါရိုင်ဘာက ဘယ်ဖက်မှာ ထိုင်နေတာ။ ရတနာဖက်က ညာမောင်းဆိုတော့ ရတနာကား စပယ်ယာက ကားနှစ်စီးကြားမှာ ညပ်သွားတယ်။ ဆိုတော့ အောက်ပိုင်းက နည်းနည်းညပ်သွားတော့ အသက်အန္တာရာယ်ကတော့ စိုးရိမ်ရဖို့ အနေအထားမရှိပါဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ယင်း ၂၀ ဦးထဲက ထိခိုက်ဒဏ်ရာ အနည်းငယ်ရသည့် လူ ၁၁ ဦးခန့်ကို တောင်ကုတ် ကုတင် ၁၀၀ ဆင့် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရသည့် ၉ ဦးကို ရှင်သန်ရေးကူညီမှုအသင်းက ကင်းတောင်ကျန်းမာရေးဌာနသို့ လိုက်ပါပို့ဆောင်ပြီး ဆေးကုသပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2041590019326732

Leave a Reply

Your email address will not be published.