By Development Media Group (DMG)/ June 19
ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတအသင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်း အပါအဝင် ၇ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး လက်ရှိတွင် ၎င်းတို့ကို စစ်ဆေးမေးမြန်းနေကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။
ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာလမ်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ ၇ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည် မသိရှိကြောင်း ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောသည်။
“ ကျနော်တို့ သိထားတာကတော့တပ်မတော်က ဖမ်းတယ်လို့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ ခေါ်တာ ပေါ့နော်။ အခုက နိုင်ငံမှာသုံးတဲ့အခါမှာ ရဲပါမယ်၊ တပ် ပါမယ်ပေါ့။ တခြားအဖွဲ့အစည်းတွေလည်း ပါကောင်း ပါနိုင်တယ်။ အဲဒီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းထားတယ်လို့ သိရတယ်” ဟု သူကဆိုသည်။
ယင်းအပြင် ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးကို မည်သည့်အတွက် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသော်လည်း သူတို့ကို ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သတ်သည့် အမှုမဟုတ်ဟု သိရကြောင်း ဦးလှသိန်းက ဆက်ပြောသည်။
“ အခုလောလောဆယ်တော့ စစ်ဆေးမေးမြန်းတဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်ပြောနိုင်တာတော့ ဒါဟာ AA နဲ့ပတ်သတ်တဲ့ အမှုမဟုတ်ဘူးလို့ သိတယ်။ အခုလောလောဆယ်တော့ စစ်ဆေးတုန်း၊ မေးမြန်းတုန်းဖြစ်ပါတယ်။ ပြီးရင်တော့ ဥပဒေအရ အရေးယူဖို့ ထုတ်ပြန်တာတွေရှိလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိဖမ်းဆီးစစ်ဆေးခံနေရသူ ၇ ဦးထဲတွင် တောင်ကုတ်မြို့ရှိ မိုးပညာဒါနပရဟိတအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်လှိုင်ဝင်း တစ်ဦးသာပါဝင်ပြီး ကျန် ၆ ဦးမှာ မိုးပညာဒါနပရဟိတအသင်းမှ မဟုတ်သလို မည်သူမှန်း မသိရှိကြောင်း အဆိုပါပရဟိတအသင်းမှ သိရသည်။
ဖမ်းဆီးခံထားရသည့် ကိုအောင်လှိုင်ဝင်းနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်မှုများရှိနေကြောင်း သူ၏ ဇနီးဖြစ်သူ မတွယ်တာစိုးက ဆိုသည်။
“အခုအချိန်ထိတော့ အဆက်အသွယ်မရသေးဘူး။ သူ့ကို ဖမ်းဆီးထားတော့ ကျမတို့ အနေနဲ့ အခက်အခဲရှိတာပေါ့။ အိမ်ထောင်ဦးစီး အိမ်မှာမရှိတော့ နေထိုင်ရေး၊ စားသောက်ရေးကအစ အကုန်အခက်အခဲဖြစ်တယ်။ ” ဟု ၎င်းကပြောသည်။
ကိုအောင်လှိုင်ဝင်းမှာ မိသားစု စားဝတ်နေရေးအတွက် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သူသာ ဖြစ်သည်ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။
မိုးပညာဒါနပရဟိတအသင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှ ဦးဆောင်ကာ လက်ရှိတွင် မိုးပညာဒါနသင်တန်းကျောင်းကို ဖွင့်လှစ်ထားကြောင်းသိရသည်။ အဆိုပါသင်တန်းကျောင်းတွင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း ၊ ဝပ်ရှော့အပါအဝင် တစ်ခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးပြီး ရခိုင်ပြည်အတွင်းမှ ကျောင်းသားဦးရေ ၅၀ ကျော်အထိ တက်ရောက်လျှက်ရှိသည်။
ယမန်နေ့ကလည်း တောင်ကုတ်မြို့နယ် လမူးအုပ်စု အမှတ် (၅) ရပ်ကွက် (၇) လမ်းတွင် နေထိုင်သူ ဦးအေးသန်းမောင်ကို ယူနီဖောင်းဝတ်ဆင်ထားသည့် မြန်မာစစ်သားနှစ်ဦးနှင့် အရပ်ဝတ် ရဲနှစ်ဦးတို့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2041492492669818