By Western News/ 2021 June 4

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ ၇ လကျော်ရှိနေပြီဖြစ်သဖြင့် ယခင်ကထုတ်ပြန်ခဲ့ သည့် ၁၄၄ အမိန့်ကို ပြန်လည်ရုတ်သိမ်းပေးရန်ဒေသခံများကတောင်းဆိုနေကြသည်။ သို့သော်လည်း ၁၄၄ အမိန့်ကိုရုတ်သိမ်းမပေးသည့်အပြင် ထပ်မံ ထုတ်ပြန်ထားသည်။ ၁၄၄ အမိန့်ထပ်မံ ၂ လထုတ်ပြန်ထားသည့် မြို့နယ်များမှာ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့ဖြစ်သည်။ ယင်းအပေါ် ဒေသခံများကြား ဝေဖန်မှုများရှိ နေကြသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဒေသခံများကိုနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့ကို Western News သတင်းဌာနမှ ဆက်သွယ်မေးမြန်းတင်ဆက်လိုက်သည်။
ဦးခင်မောင်လတ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း) ရသေ့တောင်မြို့နယ်
လက်ရှိမြန်မာပြည်တစ်ခုလုံးမှာ ငြိမ်းချမ်းနေတာက ရခိုင်ပြည်နယ်တစ်ခုတည်းသာရှိတယ်။ ရခိုင်ပြည်နယ်မှာ ၁၄၄ အမိန့်ကို ထုတ်ပြန်ထားကို ရုတ်သိမ်းသင့်ပြီ။ တိုက်ရိုက်မဟုတ်ရင်တောင်မှ အဆင့်လိုက်အဆင့်လိုက်ရုတ်သိမ်းဖို့လိုအပ်တယ်။ ဒီလောက် စီးပွားရေးအကျပ်အတည်း၊ ရောဂါကူးစက်မှုတွေရှိနေတဲ့အချိန်မှာ စစ်ဒဏ်ကလည်းပိနေသေးတယ်။ လူမှုဘဝစီးပွား ဖွံ့ဖြိုးဖို့က ၁၄၄ ကိုရုတ်သိမ်းဖို့လိုတယ်။ အခုကခရီးသွားလာရေးဖြောက်ဖို့လိုတယ်။ ကမ္ဘာကြီးက ၂၄ နာရီလည် ပတ်နေတာ။ ဒီနေ့ခေတ်မှာလူတိုင်းက ပါဝင်လှုပ်ရှားသွားလာနေကြတာ။ အခုကရခိုင်မှာကားလမ်းလည်းကောင်း တယ်၊ ရေလမ်းလည်းသွားလာနေကြတယ်။ ၁၄၄ ထုတ်ထားတာက ကုန်စျေးနှုန်းတက်အောင်လုပ်တာ၊ ကုန်စည်စီးဆင်းမှုကိုနောက်နှေးအောင်လုပ်တာလို့မြင်တယ်။ စီးပွားရေ၊ လူမှုရေး၊ ပညာရေးတွေမှာလည်း ထိခိုက်မှုရှိတယ်။ အဲဒါကြောင့် ၁၄၄ အမိန့်ကိုရုတ်သိမ်းသင့်တာ။
ဦးခိုင်ကောင်းစံ(အမှုဆောင်ဒါရိုက်တာ)ဝံလက်ဒေသဖွံံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း
အဓိကတော့ ၁၄၄ ထုတ်ပြန်ထားတယ်ဆိုတော့ လူတွေရဲ့အလုပ်ချိန်နည်းသွားတယ်။ အထူးသဖြင့် လူတွေက အလုပ်အကိုင်အခွင့် အလမ်းထဲမှာ လုပ်ငန်းခွင်သဘောသဘာဝအရ ညနေပိုင်းလုပ်ရတာတွေလည်းရှိနိုင်တယ်။ အဲလိုလုပ်ကိုင်ရတဲ့အတွက် ၁၄၄ အမိန့်ထုတ်ပြန်ထားတယ်ဆိုတော့ သူတို့ရဲ့ဝင်ငွေနည်းသွားတယ်။ ဝင်ငွေနည်း တာနဲ့အမျှသူတို့ရဲ့စားဝတ်နေရေး အခက်အခဲတွေကြုံတွေ လာရတယ်။ တချို့မြိုနယ်တွေမှာဆိုရင် မြို့ထဲတွေမှာ သွားလာလို့ရတယ်။ အထူးသဖြင့် နယ်တွေကိုတစ်မြို့နဲ့တစ်မြို့သွားတဲ့ လမ်းတွေကိုပဲ ဖြတ်သွားလို့မရ။ လက်ရှိမှာ တော့ ဘယ်နှစ်မြို့နယ်မှာ ၁၄၄ ထုတ်ပြန်ထားလည်းဆိုတာကိုတော့မသိရှိသေးဘူး။ အခုအချိန်မှာလည်း နှစ်ဖက် တိုက်ပွဲ တွေလည်းမရှိဘူးဆိုတော့ ၁၄၄ အမိန့်ထုတ်ပြန်ထားတာကိုပြန်လည်ရုတ်သိမ်း သင့်တယ်လို့ မြင်တယ်။
ကိုမျိုးလွင် (လူမှုရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ပေးနေသူ) အမ်းဒေသခံ
ရခိုင်ဒေသခံအများစုကတော့ အလုပ်အကိုင်တွေကို မိုးလင်းအာရုံနဲ့ ညပိုင်းတွေမှာပိုလို့ သွားလာလှုပ်ရှား ရတာတွေရှိတယ်။ ၁၄၄ ထုတ်ထားတယ်ဆိုတော့ သူတို့ရဲ့အချိန်နဲ့တပြေးညီအလုပ်လုပ်ရတာတွေမှာ ထိခိုက်သွားတယ်။ ယခင်ကကျွန်တော်တို့ အမ်းမြို့နယ်မှာ ဆိုရင် ၁၄၄ ထုတ်ပြန်ထားရင်လည်း နယ်ဖက်ကဒေသခံတွေဆိုရင် သူတို့ရဲ့လုပ်ငန်းကို ပုံမှန်ပဲလုပ်ကိုင်ဆောင်ရွက်နေခဲ့ကြတယ်။ ၁၄၄ ထုတ်ပြန်ထားကသူတို့အတွက် ဘာအကျိုး သက်ရောက်မှုမှမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နယ်ဖက်ကလူတွေက အဓိကရေလုပ်ငန်းကိုလုပ်ကိုင်ကြတယ် ။ သူတို့မှာက ၁၄၄ ကိုဂရုစိုက်နေရင် ငတ်ပြီးသေဖို့ပဲရှိတယ်။
မြို့ပေါ်မှာဆိုရင်တော့သွားလာလို့မရဘူး။ အဲဒါကြောင့် အမ်းမြို့နယ်မှာဆိုရင် ၁၄၄ ကနယ်ဖက်မှာသက်ရောက်မှုမရှိဘူး။ မြို့ပေါ်မှာပဲသက်ရောက်မှုရှိခဲ့တယ် ။ မြို့ပေါ်ကလူတွေရဲ့စီးပွားရေးကိုထိခိုက်တာပေါ့။ ၁၄၄ ထုတ်ပြန်ထားမှုသည် ပြည်သူတွေအတွက် ဝန်ထုတ်ဝန်ပို တစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့် ၁၄၄ အမိန့်ကိုရခိုင်မှာထုတ်ပြန်ဖို့မလိုပဲ ပြန်လည်ရုတ်သိမ်းသင့်တယ်။ ကျွန်တော်တို့ အမ်းမြိုနယ်မှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်ကထုတ်ပြန်ခဲ့တဲ့ ၁၄၄ အမိန့်ကို ပြန်လည်ရုတ်သိမ်းတယ် လို့ထုတ်ပြန်ချက်လည်း မထုတ်ပြန်သေးသလို နောက်ထပ် ထပ်မံထုတ်ပြန်ထားတယ်လို့လည်း ထုတ်ပြန်တာမရှိ သေးဘူး။
ဦးဖေသန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မြေပုံမြို့နယ်
ရခိုင်မှာ ပထမဆုံး ညမထွက်ရအမိန့်(၁၄၄)ထုတ်တာကတော့ စစ်ဖြစ်နေတဲ့အခါလုံခြုံရေးအရလုပ်ထားတာရှိတယ်။ နောက်တစ်ခုက ကိုဗစ်ရောဂါကြောင့်ထုတ်ပြန်တာရှိတယ်။ အများအားဖြင့် တောင်ပိုင်းမြို့နယ်တွေမှာဆို ရင် ကိုဗစ်ကြောင့် ၁၄၄ ထုတ်ပြန်တာရှိတယ်။ လုံခြုံရေးအရလုပ်တာကတော့ မြောက်ပိုင်းမြို့နယ်တွေမှာဖြစ် တယ်။ ဒီအချိန်မှာတော့လုံခြုံရေးအရတည်ငြိမ်နေတာဆိုရင်လည်း တစ်ဖက်ကသူတို့(တပ်မတော်)အနေနဲ့တော့ စိတ်ချလက်ချနှစ်ဖက် သဘောတူစာချုပ်နဲ့လုပ်ထားတာမဟုတ် နားလည်မှုနဲ့ လုပ်ထားတာပဲဖြစ်တယ်။ သူတို့မှာက ထုတ်ပြန်ထားတဲ့ ၁၄၄ အမိန့်သက်တမ်းကုန်ဆုံးသွားရင် နောက်ထပ်ပြန်လို့ထုတ်ပြန်ရတဲ့ သဘောရှိ တယ်။ ဒါကတော့အလုပ်ရဲ့လုပ်စဉ်အရဖြစ်တယ်။ တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ၁၄၄ ထုတ်ပြန်ထားတာရှိတယ်။ တချို့မြို့နယ်တွေမှာဆိုရင် ကိုဗစ်ကြောင့်ထုတ်ပြန်ထားတာတွေရှိတယ်။ တစ်ဖက်ကတော့ လုံခြုံရေးအရ ဖြစ်စေ၊ ကိုဗစ်ရောဂါကြောင့်ဖြစ်စေ ဒီဟာတွေကလုပ်ထုံလုပ်နည်းအရသက်တမ်းတိုးနေတာတွေဖြစ်တယ်။
ကိုဗစ်စည်းကမ်းအရညမထွက်ရအမိန့်ထုတ်တာက ထုတ်သင့်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်က အချိန်အရွေး ပြန်ဖြစ်လာနိုင်လို့ပဲ။ လုံခြုံရေးအရ ၁၄၄ ထုတ်တာကတော့ သူတို့အနေနဲ့စိတ်ချလက်ချ ငြိမ်းချမ်း ရေးရပြီ ကိုယ်တို့အနေနဲ့စစ်ပွဲတွေ မဖြစ်တော့ဘူးလို့ မမှတ်ယူသမျှ ၁၄၄ အမိန့်ကိုထုတ်ပြန်မှာပဲ။ ကျွန်တော်တို့ အနေနဲ့မထုတ်စေချင်ရင်ဆိုရင်တောင်မှ သူတို့အနေနဲ့ ဒီအပေါ်မှာရှုမြင်သုံးသပ်မှုအရဆုံးဖြတ်ကြတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကျတော့ ညထွက်ရတာဖြစ်စေ၊ မထွက်ရတာဖြစ်စေ တစ်စုံတစ်ရာတည်ငြိမ်းအေးချမ်းနေပြီး ဖြစ်တဲ့အတွက် လူထုအပေါ်အနှောက်အယှက်မဖြစ်ပါဘူး။ အခုအချိန်မှာ ညထွက်လို့အဖမ်း အဆီးခံရတာတော့ မရှိဘူး။ ထာဝရငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရပြီးတော့ ၁၄၄ အမိန့်ကိုရုတ်သိမ်းထား တာတော့ အကောင်းဆုံးပေါ့။
ကိုကျော်လှမြင့်(လူမှုရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ပေးနေသူ) ကျောက်တော်ဒေသခံတစ်ဦး
ရခိုင်ပြည်နယ်မှာ ညမထွက်ရအမိန့်ကို(၁၄၄)ကို မရှိသင့်ပြီလို့မြင်တယ်။ ကိုဗစ်ရောဂါကလည်း ကူးစက်ပျံနှံ့နေ မှုက အရင်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် တော်တော်လည်းကိုနည်းတယ်လို့ပြောလို့ရတယ်။ ပြဿနာတွေကလည်း ၂၀၂၀ ခုနှစ်ကုန်ပိုင်းလောက်ကစလို့ တိုက်ပွဲဖြစ်ပွားတာ တွေ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ တွေမရှိတော့ဘူး လို့ပြောလို့ရတယ်။ ဒါကြောင့် ညမထွက်ရအမိန့်( ၁၄၄) ကိုတော့ ထုတ်ပြန်ဖို့မလိုအပ်တော့ဘူးလို့ထင်တယ်။
ဦးလှသိန်း(ပြောရေးဆိုခွင့်ရှိသူ) ရခိုင်ပြည်နယ် ဥပဒေချုပ်၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ညမထွက်ရအမိန့်(၁၄၄)ထုတ်ထားတာကတော့ ပုံမှန်ထုတ်နေကျ ဒါထူးခြားတာမဟုတ်ဘူး။ အသစ်ထုတ်တာ မဟုတ်ဘူး။ ၁၄၄ တွေက ၂ လ ပြည့်ရင် အသစ်သက်တမ်းတိုးရတယ်။ ၂၀၂၀ ကတည်းကရခိုင်မှာ ၁၄၄ ကိုထုတ်ခဲ့ တာ။ ၁၄၄ ထုတ်လို့ ၂လကြာရင်တော့ ကျွန်တော်တို့က အသစ်ပြန်ထုတ်မလားမထု်လားဆိုတာကို ဒီလိုသက် တမ်းတိုးရတယ်။ သက်တမ်းတိုးရတဲ့အခါကျတော့ ကျွန်တော်တို့က အရင်တုန်းကထုတ်ခဲ့တဲ့မှုရင်း အခုထုတ်တဲ့ ဟာက ကိုဗစ်ကာလဖြစ်လို့တော့မဟုတ်ဘူး။ ၁၄၄ အမိန့်ကို တိုးသင့်တယ်လို့ အောက်ခြေကအုပ်ချုပ်နေသူတွေက ကျွန်တော်တို့ကိုတင်ပြရတယ်။ သက်တမ်းကိုတိုးသင့်တယ်၊ မတိုးသင့်ပေါ့။ တကယ်လို့အောက်ခြေက ပြည်သူလူထုက ၁၄၄ အမိန့်ကိုသက်တမ်းတိုးသင့်၊မသင့်လို့ဆိုတဲ့ဟာကို တင်ပြလာရင်ကျွန်တော်တို့က နောက်ထပ် ထုတ်သင့်၊ မထုတ်သင့်ကြည့်မယ်ပေါ့။ အခုကဒါကိုမြို့နယ်တွေက တိုးဖို့တင်ပြလာတယ်ဆိုရင် မြို့နယ်ကနေ ခရိုင်အဆင့်၊ ခရိုင် ကနေ အထွေထွေအုပ်ချုပ်ရေးအဆင့်ပေါ့တင်ပြရတယ်။ အထွေထွေအုပ်ချုပ်ရေးက ၁၄၄ အမိန့်ကိုတိုက်ရိုက် ထုတ်လို့မရဘူး။ သူတို့ကအစိုးရအဖွဲ့ကိုတင်ပြရတယ်။ ပြည်နယ်အစိုးရကတော့ အောက်ခြေကအုပ်ချုပ်တဲ့ လူတွေရဲ့ တင်ပြလာတဲ့တင်ပြချက်အပေါ် မှုတည်ပြီးထုတ်ပြန်ရတာ။ မြို့နယ်မှာနေတဲ့ တောင်သူလယ်သမား တွေက သူတို့မှာ အခက်အခဲရှိလာတယ် ဒီဟာကိုဖျက်ပေးပါ အစရှိသဖြင့် သူတို့တင်ပြဖို့ဆိုလည်း သူတို့မှာ တင်ပြပိုင်ခွင့် ရှိတယ်။ အဲဒီလိုတင်ပြလာတဲ့စာတွေ ကျွန်တော်တို့ဆီကိုရောက်လာတယ် ဆိုရင် အစိုးရကထည့် သွင်းစဉ်းစားသွားမှာပေါ့။
https://www.facebook.com/westernnewsagency/posts/303916401414871