တင်းမကျေးရွာသားများ အောက်တိုဘာလတွင် နေရပ်ပြန်ရန် စစ်ကောင်စီနှင့်သဘောတူညီ

By Development Media Group (DMG)/ June 25

ဓါတ်ပုံ – ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ မီးရှို့ခံထားရသည့် နေအိမ်တစ်လုံးအားတွေ့ရစဉ်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် သဘောတူညီချက်ရယူခဲ့ကြောင်း ယင်းကျေးရွာသားများထံမှသိရသည်။

မနေ့က ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လဝကဦးစီးအရာရှိ၊ ရဲအရာရှိအပြင် စစ် ကောင်စီဘက်မှ အရာရှိတစ်ဦးနှင့် တင်းမကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာလူဦး ၅ ဦးတို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယင်းသို့သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်ကြောင်း တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင် ကျော်ဝင်းက ပြောသည်။

“ကျွန်တော်တို့ကို နေရပ်ပြန်မပြန်မေးတယ်။တင်းမကျေးရွာသားတွေကလည်းပြန်ပြောတယ်ပေါ့။ပြန်မယ်ဆို ရင်ဘယ်နေ့ပြန်မှာလည်းလို့ သူတို့ဖက်ကမေးတယ်(သက်ဆိုင်ရာအာဏာပိုင်)။လက်ရှိမိုးရာသီလည်းဖြစ်တယ် ဆိုတော့ ပြန်လို့အဆင်မပြေဘူး။ဒါကြောင့် ပွင့်လင်းရာသီ အောက်တိုဘာလလောက်မှာ ပြန်မယ်လို့ ကျွန်တော် တို့ ပြောဆိုခဲ့တယ်”ဟု ဦးမောင်ကျော်ဝင်းက ဆိုသည်။

နေရပ်ပြန်မည့် တင်းမကျေးရွာသားများအား အိမ်ထောင်စုတစ်ခုကို ငွေငါးသိန်းကျပ်နှင့်ဆန်ရိက္ခာတစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျေးရွာသို့ရောက်ရှိပါက နေအိမ်များအောက်လုပ်ပေးသွားမည်ဖြစ်ကာ တစ်ခြား အလုပ်အကိုင်များနှင့်ပတ်သက်၍ တစ်ဆင့်တစ်ဆင့်ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီဘက်က ပြောဆို ခဲ့ကြောင်း တင်းမကျေးရွာသားများမှတစ်ဆင့်သိရသည်။

တင်းမကျေးရွာသားများက ၎င်းတို့ရွာပြန်မည်ဆိုလျင် အဓိကမိုင်းရှင်းလင်းရေးလုပ်ပေးရန်၊ မီးလောင်မှု ကြောင့်ပျက်စီးသွားသည့်နေအိမ်များကို ဆောက်လုပ်ပေးရန်နှင့် လိုအပ်နေသည့်အလုပ်အကိုင်များကို ဖန်တီးပေးပြီးမှ နေရပ်သို့ပြန်ချင်နေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့မျှော်လင့်ထားတာနဲ့တခြားစီဘဲ။ကျွန်တော်တို့စဉ်းစားထားတာက နေရပ်ပြန်ရမယ်ဆိုရင် မိုင်းရှင်း လင်းပေးရမယ်။ ရွာမှာပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်တွေကို ဆောက်လုပ်ပေးမယ်ပေါ့။ ပြီးမှ တင်းမကျေးရွာသား တွေပြန်လို့မယ်ပြီဆိုခါမှ ကျွန်တော်တို့ပြန်မယ်လို့မျှော်လင့်ထားတယ်”ဟု တင်းမကျေးရွာသားတစ်ဦးဖြစ်သည့် ဦးဦးစောသိန်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးမှ တင်းမကျေးရွာသားများလိုအပ်ချက်ကို ခေါ်ယူမေးမြန်း ကြောင်း သိရှိရပြီး ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြည်နယ်ကောင်စီထံတင်ပြစာမရောက်ရှိသေးကြောင်း ပြောဆိုခဲ့သည်။

ယင်းအပြင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇော်ညွှန့်ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရရှိခဲ့ပေ။

ယခုနှစ် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တင်းမကျေးရွာသားအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့က တင်းမကျေးရွာအခြေအနေကို ပြည်နယ်စစ်ကောင်စီ၏ခွင်ပြုချက်ဖြင့် သွားရောက်ခဲ့ကြသည်။

တင်းမကျေးတွင် လက်နက်ကြီးကျရောက်မှုနှင့် မီးလောင်မှုကြောင့် ပျက်စီးနေသည့် အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်တော်ကြီးကျောင်းတို့ပျက်စီးနေမှုကို စာရင်းကောက်ယူရရှိခဲ့ပြီး အဆိုပါက စာရင်းအား ပြည်နယ် စစ်ကောင် စီထံတင်းမကျေးရွာသားများက တင်ပြထားကြသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင် ကျေးရွာ အတွင်းမှနေအိမ်များ မီးရှို့ခံခဲ့ရသည်။

ယင်းပြင် တင်းမကျေးရွာမှ ဒေသခံ ၁၈ ဦးမှာ တပ်မတော်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၎င်းတို့မှာ တစ်နှစ်ကျော်ကြာ သည်အထိ သတင်းအစအနမရရှိသေးဘဲ ပျောက်ဆုံးလျက်ရှိသည်။

လက်ရှိရခိုင်ပြည်တွင် နှစ်ဖက်တိုက်ပွဲများငြိမ်သက်နေသည်မှာ ရ လကျော်အထိကြာမြင့်နေပြီဖြစ်သော်လည်း မိုင်းအန္တာရာယ်နှင့်တစ်ခြားအခက်အခဲအမျိုးမျိုးများကြောင့် စစ်ဘေးရှောင်တစ်သိန်းကျော် နေရပ်မပြန်နိုင် သေးပေ။

https://www.facebook.com/dmgnewsagency/posts/2046419008843833

Leave a Reply

Your email address will not be published.