By Irrawaddy/ 2021 June 29
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသူ/သားများပါ ကိုဗစ်ရောဂါ ကူးစက်မှု ရှိလာသည့် အတွက် စာသင်ကျောင်းများကို ပြန်လည် ပိတ်လိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
အဆိုပါ ကျောင်းများမှာ ယခု ဇွန်လဆန်းက စတင် ဖွင့်လှစ်ထားသည့် သံတွဲမြို့နယ်၊ ငပလီမြို့ ဂျိတ်တောကျေးရွာအုပ်စု ကျွဲသောက်ကုန်း အလယ်တန်းကျောင်းနှင့် လင်းသာ ရပ်ကွက်ရှိ အထက်တန်း ( ကျောင်းခွဲ) တို့ဖြစ်ကာ ဇွန်လ ၂၅ ရက်မှ စတင်၍ ပိတ်ထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက “ပထမတော့ ကျွဲသောက်ကုန်းကျောင်းက ဆရာမတယောက် ပိုးတွေ့လို့ အဲဒီကျောင်းကို လတ်တလောမှာ ပိတ်ထားတယ်။ အဲဒီဆရာမနဲ့ ဆက်စပ်သူကို စစ်တဲ့အခါ သူ့သမီးမှာလည်း ပိုးတွေ့တယ်။ သူ့သမီးက လင်းသာကျောင်းမှာ တက်တာ ဆိုတော့ အဲဒီ လင်းသာကျောင်းကိုလည်း လတ်တလောမှာ ပိတ်ဖို့ ညွန်ကြားတာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျွဲသောက်ကုန်း အလယ်တန်းကျောင်းမှ ဆရာမတဦးတွင် ဇွန်လ ၂၄ ရက်က ပိုးတွေ့ရှိသည့်အတွက် ၎င်းတို့နှင့် ဆက်စပ်သူများကို စစ်ဆေးခဲ့ရာ သံတွဲမြို့နယ်အတွင်း ကျောင်းဆရာမ ၂ ဦးနှင့် ကျောင်းသူ ၄ ဦးတို့၌ ကိုဗစ်ပိုးတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ဆိုသည်။
ယမန်နေ့ ( ဇွန်လ ၂၈ ) ရက်နေ့ကလည်း သံတွဲခရိုင် တရားရုံးမှ ဝန်ထမ်းများ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ လက်ရှိအချိန်တွင် သံတွဲ မြို့နယ်အတွင်း ကိုဗစ်ကူးစက်သူ ၂၅ ဦးအထိ ရှိလာနေကြောင်း သံတွဲမြို့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့မှ ဦးသောင်းထွန်းက ဆိုသည်။
ဦးသောင်းထွန်း က “မနေ့က တရားရုံးက ဝန်ထမ်း ၄ ဦးပိုးတွေ့ပါတယ်။ အားလုံး ပေါင်းဆို ပိုးတွေ့သူ ၂၅ ဦးရှိတယ်။ အဲဒီလိုမျိုး ပိုးတွေ့တော့ စိုးရိမ်တာတော့ ဖြစ်ကြတယ်။ တချို့ဆိုကလေးတွေ ကျောင်းမပို့ရဲကြတော့ဘူး။ ဒီနေ့ဆို မြို့မဈေးမှာလည်း လူတွေ အသွားအလာ နည်းသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သံတွဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှု မြင့်မားလာသည့်အတွက် ဒေသခံများ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို လိုက်နာပြီး လက်ဆေးခြင်း၊ Mask တပ်ပြီး သွားလာခြင်းများကို ပြုလုပ်ရန် ညွှန်ကြားသလို မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင်လည်း ဌာနဆိုင်ရာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်များကို ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် သံတွဲမြို့နယ် သီတဂူမျက်စိဆေးရုံနှင့် ငပလီမြို့ ပြည်သူ့ ဆေးရုံတို့တွင် Quarantine Centre နှစ်ခု ဖွင့် လှစ်ထားပြီး စောင့်ကြည့်လူနာ ၅၀ ဦး ရှိကြောင်းလည်း ဦးသောင်းထွန်းက ပြောသည်။
ကိုဗစ်တတိယလိုင်းတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့နယ်များတွင် ကိုဗစ်ပိုး တွေ့ရှိမှု များပြားလာနေပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ယခု ဇွန်လ ၂၈ ရက်အထိ ပိုးတွေ့ရှိသူပေါင်း ၁၂၀ ကျော်ရှိလာပြီ ဖြစ်သည်။
https://www.facebook.com/theirrawaddyburmese/posts/4627054837338632