By Western News/ 2021 June 16
သူဌေးရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြီးခဲ့သည့် မတ်လကတည်းက မူလနေထိုင်ရာနေရာမှစတင်ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် သံတွဲမြို့နယ်၊ ရေကောက်နှင့် ပုရစ်ကျေးရွာတို့၏ မြေနေရာသစ်တွင် မြေပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေကြောင်းသိရသည်။မြေပြိုကျမှုမှာ ပြီးခဲ့သည့် မေလမှ စတင်ကာပြိုကျနေခြင်းဖြစ်ပြီး ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာ နေအိမ် ၅ လုံး၏ အိမ်ခြေတိုင်များ ယိုင်လဲသွားသည်ဟု ဒေသခံများကပြောသည်။
မြေပြိုမှုများဖြစ်ပွားနေခြင်းကြောင့် သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဥနှင့်အဖွဲ့ဝင်များ ယနေ့ ဇွန်လ ၁၆ ရက်က အဆိုပါ ကျေးရွာသစ်မြေနေရာသို့ လာရောက်ကြည့်ရှုခဲ့ကြပြီး မိုးစဲမှသာ လုပ်ပေးမည်ဟုပြောဆိုသွားကြောင်း ရေကောက်ဒေသခံတစ်ဦးဖြစ်သည့် ဦးအောင်ကြီးက Western News ကိုပြောသည်။
“မနေ့ကလည်း ပြိုတယ်။ အိမ် ၅ လုံး တိုင်တွေယိုင်သွားတယ်။ တစ်အိမ်ကတော့ နေလို့မရလို့ပြောင်းလိုက်ရတယ်။ စပြိုတာကတော့ မေလလောက်ကနေ စပြိုနေတာ။ ဒီနေ့မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေ လာပြီးကြည့်သွားတယ်။ ရေအားလျှပ်စစ်က လည်းပါတယ်။ မိုးစဲရင်တော့ လုပ်ပေးမယ်လို့ပြောသွားတာပဲ။ မိုးကသည်းနေတော့ ရေစီးကြောင်းခံပြီးတော့ မြေက တဖြည်းဖြည်း ပြိုကျနေတုန်းပဲ”ဟုပြောသည်။
အဆိုပါ ကျေးရွာသစ်မြေနေရာ ပြိုကျနေမှုနှင့်ပတ်သတ်၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးအားဆက်သွယ်ရာတွင် လတ်တလောတွင် မြေထိန်းနံရံပြုလုပ်ရန်အစီအစဉ်မရှိသေးသော်လည်း ပြိုကျသွာသည့်နေရာများအား ပြန်ဖို့ပေးနေကြောင်းပြောသည်။
“မြေကတော့ နည်းနည်းအသားမသေတဲ့အတွက်လေ။ မိုးကလည်းဆက်တိုက်ရွာနေတာဆိုတော့ နည်းနည်းပါးပါးပြိုကျတာတွေရှိတယ်။ ကျနော်တို့က အဲဒါကိုပထမဦးစားပေးအနေနဲ့ မြေတူးစက်နဲ့လည်း သုံးလေးစီးလောက်ရှိတယ်။ ဘော်ဒူဇာတစ်စီးရှိတယ်။ လူအယောက် ၁၀၊ ၂၀ လောက်လည်းခေါ်ထားတယ်။ အရေးကြီးရင်ကြီးသလို ကျနော်တို့လုပ်ပေးတယ်။ နိမ့်သွားတဲ့နေရာတွေကိုလည်း မြေဖို့လို့ရရင် ဖို့တယ်။ ပြီးတော့ တချို့အိမ်တိုင်တွေက ပြီးစလွယ်လုပ်ထားတဲ့သဘောဖြစ်နေတယ်။ ကျောက်ထိန်းနံရံက လာမည့်နှစ်မှလုပ်လို့ရမယ်။ အခုသွားလုပ်ရင်လည်း မြေပြိုတဲ့အထဲပါသွားရင် ဘာမှထူးမှာမဟုတ်ဘူး”ဟုပြောသည်။
ရေကောက်နှင့် ပုရစ်ကျေးရွာ ၂ ရွာ လက်ရှိပြောင်းရွှေ့နေထိုင်နေသည့်မြေနေရာသည် သံတွဲ-တောင်ကုတ် ကားလမ်းဘေးတွင်ရှိသည့် ဂျိန်ဒေါင်ဆည်နှင့်ဒေါ်မျကျေးရွာကြားတွင်ရှိသည့် မြေနေရာဖြစ်ပြီး ကျေးရွာသစ်မြေနေရာ၏ အမြင့်မှာ မြေမျက်နှာသွင်ပြင်မှ အမြင့်ပေ ၂၀၀ ကျော်ထိရှိကာ သံတွဲမြို့နှင့် ၂၅ မိုင်ခန့်ဝေးသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းအမြင့်မှာ ယခုမိုးရာသီတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂ မီတာထိရောက်ရှိမည် ဖြစ်ပြီး ရေကောက်နှင့် ပုရစ်ကျေးရွာသည် စီမံကိန်းရေဝပ်ဧရိယာ၏ ပင်လယ်ရေ မျက်နှာပြင်အမြင့် ၂၂ မီတာဝန်းကျင်တွင်ရှိနေ၍ ရေမနစ်မြုပ်စေရန်အတွက်ပြောင်းရွှေ့ရခြင်းဖြစ်ကာ အဆိုပါစီမံကိန်းမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြီးစီးမည်ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/311520547321123